By Hlaing / MPA
မန္တလေးတိုင်း၊ မြင်းခြံ – မိတ္ထီလာလမ်းပိုင်ပေါ်ရှိ မလှိုင်မြို့အဝင်အထွက်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ငါးရက်မှ စတင်ကာ စစ်ကောင်စီက စစ်ဆေးတင်းကျပ်မှုများ ပိုမိုပြုလုပ်လိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြင်းခြံနှင့် တောင်သာမြို့မှ ထွက်လာသည့် ခရီးသွားကားများနှင့် ကုန်ကားများကိုလည်း မလှိုင်မြို့၊ ထန်းတောရပ်ကွက်အနီးမှစ၍ မြို့ထဲသို့ အဝင်မခံတော့ဘဲ စစ်ကောင်စီတပ်က တင်းကျပ်လိုက်ခြင်းဖြစ်သည်။
“ မြင်းခြံ စစ်ဆင်ရေးပြီးတဲ့နောက် PDF တွေ မြင်းခြံနဲ့ တောင်သာဘက်ကနေ အရပ်သားတွေနဲ့ ရောယောင်ပြီး ပါလာမှာစိုးတဲ့အတွက် အရမ်း တင်းကျပ်လိုက်တာ၊ မြို့ထဲဝင်တဲ့လမ်းကလည်း ထန်းတောရပ်ကွက်နားက တစ်ပေါက်ပဲရှိတာ၊ မလှိုင်မြို့ထဲကို ဖြတ်ချင်ရင် စစ်တပ်ကို ငွေပေးရတယ်” ဟု မလှိုင်မြို့၊ မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်မှ ဩဂုတ် ၁၆ရက်ထိ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက်၊ စစ်ကောင်စီတပ်က မြင်းခြံ – မိတ္ထီလာလမ်းပိုင်းကို လုံခြုံရေးတင်းကျပ်စွာ ချထားခြင်း ဖြစ်သည်။
“ မိတ္ထီလာဘက်က လာတဲ့လူတွေကတော့ သိပ်အခက်အခဲမရှိဘူး။ စစ်ကောင်စီတပ်က အမြန်လမ်းနားက ကံကောင်းဂိတ်၊ မလှိုင်မြို့အဝင် ကုန်းတဲဆည်နားမှာလည်း တစ်ဂိတ်ဖွင့်ထားတယ်။ ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲလောက်ဘဲ မေးတာ။ မလှိုင်ဘက်က သွားရင်တော့ နည်းနည်းရစ်တယ်၊ မိတ္ထီလာကျမှာကို စစ်တပ်က စိုးရိမ်နေကြတာ” ဟု ကားသမားတစ်ဦးက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံဖြင့် မလှိုင်မြို့ပေါ်၌ ကင်းလှည့်မှုများပြုလုပ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။
“ မြို့ပေါ်မှာတော့ စစ်သားတွေ ကင်းပတ်နေတာ အမြဲ တွေ့တယ်။ မနက်ဖြန်(စက်တင်ဘာ ခြောက်ရက်)ဆို စျေးနေ့မို့လို့ ပိုပြီး အင်အားပြနေတာမျိုးတော့ ရှိတယ်။ ညဘက်တွေဆို စစ်တပ်က သူတို့ဘာသာ ဗုံးခွဲနေတာ” ဟု အသက် ၄၅ နှစ်အရွယ်ရှိ မလှိုင်မြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
တော်လှန်ရေးတပ်များကလည်း မလှိုင်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများရှိလာနိုင်သည့် အခြေအနေများရှိခြင်းကြောင့် နွားထိုးကြီး – မြင်းခြံ – တောင်သာ – မလှိုင်လမ်းပိုင်းကို အသုံးမပြုဘဲ ရှောင်ရှားသွားလာကြရန် တိုက်တွန်းထားသည်။
“ နွားထိုးကြီး – မလှိုင်လမ်းက သက္ကယ်ကျင်းရွာမှာ စစ်တပ်ဂိတ်ရှိတယ်။ အိုင်မှရိုး၊ ကျွဲခြံ၊ ရွာတန်းရှည် အဲ့ဒီရွာဘက်တွေမှာလည်း လမ်းသွားလမ်းလာတွေ၊ လယ်ယာလုပ်ပြီး ပြန်လာတဲ့သူတွေကို စစ်ဆေးတာတွေရှိတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် မလှိုင်မြို့ပေါ်ရှိ မြို့မရဲစခန်း၌သာမက ရွှေကျင်၊ လေသာ၊ ကုန်းတော်၊ စျေးကျောင်းနှင့် ထီးဆောင်းကြီးဘုန်းကြီးကျောင်းတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားကြကြောင်း ဒေသခံများက ဆိုသည်။
“ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အနည်းဆုံး စစ်သား အယောက် ၂၀ လောက်ရှိတယ်။ ဘုန်းကြီးကျောင်းတွေထဲပဲဝင်နေကြတာ၊ မြို့မစခန်းရှေ့မှာလည်း အထကကျောင်းရှိတော့ ကလေးမိဘတွေကလည်း စိုးရိမ်စိတ်နဲ့ ကျောင်းဆက်ထားနေရတာပဲ” ဟု မလှိုင်မြို့နယ်တွင် နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
လက်ရှိ မြင်းခြံနှင့် တောင်သာမြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်လျက်ရှိနေပြီး၊ နွားထိုးကြီးမြို့နယ်အတွင်း၌မူ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်၌ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY – PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မန္တလေးတိုင်း၊ မိုးကုတ်နှင့် စဥ့်ကူးမြို့နယ်ကို သိမ်းပိုက်ရရှိခဲ့ပြီး၊ သြဂုတ် ၂၆ ရက်တွင်လည်း အမှတ်-၁ စစ်ဒေသလက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သပိတ်ကျင်းမြို့နယ်ကို သိမ်းပိုက်ရရှိခဲ့သည်။