By Garcia Ni / MPA
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့်ရိက္ခာများဖြည့်တင်း၍ ခံစစ်ပြင်ဆင်နေပြီး မြို့တွင်းသူခိုးများလည်း ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ သြဂုတ်၂၈၊ ၃၁ရက်နှင့် စက်တင်ဘာ သုံးရက်နေ့တို့တွင် မင်းတပ်မြို့၊ ခလရ (၂၇၄) တပ်ရင်းအနီးသို့ စစ်ကောင်စီက Y-12 ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာအထုပ်များကို လေထီးဖြင့်ချပေးခဲ့ပြီး ခံစစ်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ CDF(မင်းတပ်)ကလည်း မြို့ပေါ်မှာအချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်။ ပြည်သူတွေကြိုတင်ရှောင်ရှားနိုင်ဖို့ ကြေညာထားတာလည်းရှိတဲ့အခါကျတော့ စစ်တပ်ဘက်ကလည်း ခံစစ်ပြင်နေတာပါ၊ ကုန်းလမ်းကနေ သူတို့(စကစ)မလာနိုင်တော့ လေကြောင်းကနေပဲ လာချနိုင်တဲ့သဘောပေါ့” ဟု မင်းတပ်မြို့၊ ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏပြုလုပ်လျက်ရှိပြီး မင်းတပ်မြို့ခလရ (၂၇၄) တပ်ရင်းမှလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကို မကြာခဏပြုလုပ်လျက်ရှိကြောင်း သိရသည်။
” အခုတလောခပ်စိပ်စိပ်ပဲ၊ တစ်ညလုံးလက်နက်ကြီးနဲ့ပတ်ရမ်းတယ်။ မိုးသောက်ယံဆို လေကြောင်းနဲ့ချတယ်။ မနေ့ကလည်း ကိုးနာရီ မိနစ် ၅၀လောက်ကနေ တောက်လျှောက်ပဲ မြေကြီးတွေပါတုန်တယ်။ လေကြောင်းတိုက်ခိုက်တာ၊ ၁၀နာရီခွဲ၊ ၁၁နာရီလောက်အထိဖြစ်မယ်။ ပြည်သူ ထိခိုက်မှုတော့မသိရဘူး “ ဟု မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၂)တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးအန္တရာယ်များကြောင့် မင်းတပ်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူအများအပြားဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရပြီး ရှောင်တိမ်းရန်နေရာမရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူအချို့သာ မြို့ပေါ်၌ ကျန်ရှိတော့ကြောင်းသိရသည်။
ထိုအခြေအနေများကို အခွင့်ကောင်းယူ၍ မင်းတပ်မြို့ပေါ်တွင် သူခိုးများလည်းပိုမိုသောင်းကျန်းလာကြောင်း မင်းတပ်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
” တစ်ရွာလုံးတွေရှောင်ကြရတော့ စစ်သားတွေနဲ့ရဲတွေကတစ်ဖွဲ့၊ ရပ်ကွက်အလိုက်သူခိုးတွေကလည်း သူ့ရပ်ကွက်ကိုယ့် ရပ်ကွက်အလိုက် ခွဲပြီးမှခိုးတယ်လို့သိရတယ်။ စစ်သားတွေရဲတွေကတော့ မြို့တွင်းလမ်းမတွေပေါ်ကအိမ်တွေပေါ့။ သူတို့(စကစ)က ရပ်ကွက်ထဲတွေမသွားရဲတော့ ရပ်ကွက်ထဲမှာခိုးတဲ့အဖွဲ့တွေကသပ်သပ်။ ခုနှစ်ဖွဲ့၊ ရှစ်ဖွဲ့လောက်တောင်ရှိတယ်လို့ကြားတယ်” ဟု ၎င်းကပြောသည်။
မင်းတပ်မြို့ပေါ်တွင် ဖောက်ထွင်းခိုးယူနေသူများနှင့်ပတ်သက်၍ မည်သို့ထိန်းသိမ်းအရေးယူသွားမည်ကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့မေးမြန်းရန် MPAကဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
ယင်းအပြင် စစ်ကောင်စီသည် မင်းတပ်မြို့ပတ်ပတ်လည်၊ ၎င်းတို့၏တပ်စခန်း၊ ဂိတ်နှင့် ရုံးများအနီးတွင် နင်းမိုင်းအများအပြားကို ထောင်ထားသောကြောင့် မြို့ပေါ်နေပြည်သူများအနေဖြင့် သတိထားသွားလာကြရန် CDF(မင်းတပ်)နှင့်နီးစပ်သည့်သတင်းရင်းမြစ်က MPAမှတဆင့်ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ်၂၇ရက်နေ့ကလည်း မင်းတပ်မြို့၊ လျှပ်စစ်ရုံးအနီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။