By Ko Paing / MPA
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ လုယက်ခဲ့သော ပြည်သူပိုင် လယ်ယာသုံးစက်ပစ္စည်းနှင့် အိမ်အသုံးအဆောင်တို့ကို သာယာဝတီမြို့နယ်အတွင်း ဈေးလျှော့ ရောင်းချနေကြောင်း သိရသည်။
စက်တင်ဘာလေးရက်တွင် သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူ့စစ်များသည် လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့်အုတ်ဖိုကျေးရွာသို့ ဝင်ရောက်လာကာ အိမ်တွင်းအသုံးအဆောင်များနှင့်လယ်ယာသုံးစက်ပစ္စည်းများကို Faw ကားနှစ် စီးဖြင့်လုယက်တင်ဆောင်သွားပြီး သာယာဝတီမြို့နယ်၊ စည်ပင်ရွာ၊ ကုက္ကိုင်းရွာနှင့်သဲဖြူရွာတို့၌ ပြန်လည်ရောင်းချနေကြောင်း သာယာဝတီခရိုင်ပကဖ ထံက သိရသည်။
“လက်ပံတန်း ရေငံရွာနဲ့အုတ်ဖိုရွာက အိမ်သုံးပစ္စည်းတွေနဲ့ စပါးချွေလှေ့စက်၊ဂွန်ဒေါင်းတွေကို ကားနှစ်စီးနဲ့ တိုက်လာပြီးတော့ ၅၀,၀၀၀ ၊၁၀၀,၀၀၀စျေးတွေနဲ့ပြန်ရောင်းနေကြတယ်။ပစ္စည်းတွေကို ခိုးယူပြီးမှ နေအိမ်တွေကို မီးရှို့တာ။ကျနော်တို့ သယာဝတီကပြည်သူ့စစ်တွေက တွေ့သမျှအကုန် သယ် တယ် လို့ပဲပြောရမယ်။လက်ပံတန်းက ပြည်သူ့စစ်တွေလည်းပါချင်ပါမှာပေါ့” ဟု သာယာဝတီခရိုင် (ပကဖ) မှ သတင်းတာဝန်ခံ ကိုလူအေး က MPAသို့ပြောသည်။
စစ်တပ်က ယင်းရွာများကို မီးမရှို့မီ ပြည်သူ့စစ်တို့က ပစ္စည်းများ လုယက်ကာ ကားဖြင့် သယ်သွားကြ ခြင်းဖြစ်သည်။
“ပြည်သူတွေကတော့ ဒီကောင်တွေရောင်းတဲ့ပစ္စည်းတွေမဝယ်ရဲကြပါဘူး။သူတို့နဲ့အချိတ်အဆက်ရှိတဲ့လူတွေလောက်ပဲ ဝယ်ရဲကြတာပါ” ဟု ရွှေတန်းမြေ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုကိုအောင် ကပြောသည်။
သြဂုတ် ၂၇ ရက်၊ ည ကိုးနာရီဝန်းကျင်တွင် လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာ၌ တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်က တပ်စွဲခဲ့ပြီး ရေငံကျေးရွာနှင့်အုတ်ဖိုကျေးရွာတို့ကို မီးရှို့ခဲ့ရာ နေအိမ် ၂၀၀ နီးပါးမီးလောင်ကျွမ်းသွားပြီဖြစ်ကြောင်းသိရသည်။
ရေငံရွာ၊ အုတ်ဖိုကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်းသိရသည်။
သြဂုတ် ၂၄ ရက်တွင် ရေငံကျေးရွာအနီး၌ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၁၀ ဦးနှင့်အတူ လက်နက်မျိုးစုံ ၃၀ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသးညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသေးသည်။