By Bala / MPA
ကရင်နီပြည်နယ်တွင် HIV ရောဂါပိုး ထိန်းချုပ်ရေးနှင့် ကုသမှုဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ရန် HIV Response Team ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်မှ စတင်ကာ ကရင်နီပြည်နယ် တစ်နေရာတွင် HIVပိုးများတွေ့ရှိကြောင်း သတင်းထွက်ပေါ်ခဲ့သည့်အတွက် MPAက ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) သို့ ဆက်သွယ်မေးမြန်းရာ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
“ HIV ရောဂါပိုး ထိန်းချုပ်နိုင်ဖို့နဲ့ ကုသမှုဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ဖို့ ကျန်းမာရေးဌာနက ကမကထပြုပြီး HIV Response Team ဖွဲ့ဖို့ စီစဉ်ထားပါတယ်။ အခုအချိန်မှာ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု၎င်းက MPAသို့ပြောသည်။
ကရင်နီပြည်နယ်အတွင်း HIVပိုးဖြစ်ပွားသူမှ တစ်ဆင့် မူးယစ်ဆေးဝါးသုံးသူများနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများသို့ ကူးစက်ကာ HIVပိုးတွေ့ရှိမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ကရင်နီအခြေစိုက် ပရဟိတ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“ အခုကရင်နီမှာ HIVပိုးရှိပြီလို့ အတည်ပြုလို့ရတဲ့ လူနာနှစ်ဦးရှိပါတယ်။အဲ့နှစ်ဦးအပြင် HIVပိုးရှိတယ်လို့ သံသယလူနာတွေလည်း ဆယ်ဂဏန်းရှိတယ်။အခုတော့ ကရင်နီမှာ နာမည်ကြီးနေတဲ့ KTVနှစ်ခုတော့ ပိတ်သွားပြီ” ဟု ၎င်းက ပြောသည်။
ကျန်းမာရေးဌာနအနေဖြင့် HIVလူနာများအား ခွဲခြားနှိမ့်ချမှုမရှိစေရန် အသိပညာပေးကာ HIVပိုးရှိသည်ဟု သံသယရှိသူများကို ဆေးစစ်နိုင်ရန်နှင့် ပိုးတွေ့ရှိပါက ကုသနိုင်ရန် ဆေးကုသမှုစင်တာများပြုလုပ်သင့်ကြောင်း နွေဦးအားမာန် ပရဟိတဆေးခန်းတွင် စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် ပြည်သူ့ကျန်းမာရေး ဆရာဝန်တစ်ဦးက ပြောသည်kali
“ ပြည်သူလူထုအပိုင်းအနေနဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနတွေမှာ အသိပေးထားတဲ့ ကူးစက်ပုံ၊ကူးစက်နည်းတွေကို သိပြီဆိုရင် စနစ်တကျလိုက်နာဆောင်ရွက်ဖို့ရယ်၊တကယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိပြီဆိုရင်လည်း ရဲရဲဝံ့ဝံ့နဲ့ သွေးစစ်လို့ရတဲ့နေရာတွေမှာ သွားစစ်မယ်။ ပိုးတွေ့တယ်ဆိုရင်လည်း ထိရောက်တဲ့ကုသမှုတွေကို သက်ဆိုင်ရာ ကျွမ်းကျင်ကျန်းမာရေးပညာရှင်တွေနဲ့ ထိထိရောက်ရောက်ကုသဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် IEC ကျန်းမာရေးဌာနအနေဖြင့် ငှက်ဖျား၊ တီဘီ နှင့် HIV ရောဂါတို့ကို ကာကွယ်တားဆီးနိုင်ရေးအတွက် လိုအပ်သည့် ခေတ်မီစက်ပစ္စည်းများနှင့် စမ်းသပ်မှုများလုပ်ဆောင်နိုင်ရန်ပြင်ဆင်နေပြီး ဆေးဝါးများပေးနိုင်ရန်လည်း စီစဉ်ထားကြောင်း အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။