By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ရွာရှစ်ရွာကို လေးရက်ဆက်တိုက် စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်းသိရသည်။
စက်တင်ဘာ နှစ်ရက်မှ ယနေ့ (စက်တင်ဘာ ငါးရက်) နံနက်အထိ ခင်ဦးမြို့နယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာ ရှစ်ရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ရေဦးမြို့နယ်အခြေပြု People’s
Defense Comrade အဖွဲ့ထံကသိရသည်။
“ လေးရက်အတွင်းကို ကျေးရွာပေါင်း ရှစ်ရွာ မီးရှို့ဖျက်ဆီးထားတယ်ဗျ။နေအိမ်ပျက်စီးမှုတွေ အတည်မပြုနိုင်သေးပါဘူး ” ဟု People’s Defense Comrade အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က MPA သို့ပြောသည်။
စက်တင်ဘာ နှစ်ရက်တွင် ငကြိုင်းရွာ၊ သုံးရက်တွင် အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်းခါးကုန်းရွာ၊ လေးရက်တွင် ပေါက်တောရွာ၊ နှဲတွင်းရွာနှင့် ယနေ့ နံနက်ပိုင်းတွင် ဆီဆုံလေးရွာတို့ကို စစ်ကြောင်းထိုးနေသည့်တပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၁၇ ရက်က မဒေါင်းလှပျူစောထီးရွာကို PDF ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုကြောင့် ရွာ၁၉ရွာမှ ပြည်သူသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ စက်တင်ဘာ တစ်ရက်နေ့က ကန့်ဘလူနယ်ထဲကနေ ခင်ဦးနယ်၊ မဒေါင်းလှပျူရွာကို စစ်ကူပေးဖို့ အင်အား ၁၇၀ ပါ စစ်ကြောင်းဝင်ရောက်လာခဲ့တယ်။ ဒီစစ်ကြောင်းက စက်တင်ဘာ နှစ်ရက်ကစလို့ ခင်ဦးနယ်မြောက်ဘက်ခြမ်း မဒေါင်းလှရွာအရှေ့ဘက် ငကြိုင်းရွာကို မီးရှို့ခဲ့တယ်” ဟု ၎င်းကဆက် လက် ပြောသည်။
မဒေါင်းလှပျူရွာတိုက်ပွဲ၌ စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို PDFတပ်ဖွဲ့ဝင်များ လည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်းသိရသည်။
မဒေါင်းလှပျူရွာကို တော်လှန်ရေးတပ်များက သြဂုတ် ၁၇နှင့် ၁၈ ရက်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသောရွာများကို လေကြောင်းမှ ဆက် တိုက်ဗုံးကြဲခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီက လေကြောင်းကနေ တိုက်ပွဲဖြစ်ထားတာမရှိတဲ့ရွာတွေကို ဗုံးကြဲသတ်ဖြတ်နေတာ ကြောင့် တော်လှန်ရေးတပ်တွေက ပြည်သူတွေကိုငဲ့ပြီး ခေတ္တပြန်ဆုတ်ခွာခဲ့ကြတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ဩဂုတ် ၁၈ရက်၊ ၁၉ရက်၊ ၂၆ရက်၊ ၃၀ရက်နှင့် ၃၁ရက်တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရွာများကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး ၁၄ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဩဂုတ် ၃၀ရက်၌ သတင်းထုတ်ပြန်ထားသည်။