By Ra Wai / MPA
စစ်ကောင်စီကို တိုင်းပြည်နှင့် ပြည်သူတို့၏ ရန်သူအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ယနေ့(စက်တင်ဘာငါးရက်)ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာဖောက်ဖျက်မှုတို့ကို ကျူးလွန်ခဲ့ ရုံသာမက မြို့ပြ၊ ကျေးရွာနဲ့ စစ်ရှောင်စခန်းနေ အရပ်သား ပြည်သူများအား လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပစ်မှတ်ထားပြီး ပစ်ခတ်သတ်ဖြတ်ခြင်း၊ နေရာအနှံ့ လေကြောင်းမှ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း အဆိုပါ ဆိုးရွားပြင်းထန်စွာကျူးလွန်နေသော ရာဇဝတ်မှုများက နိုင်ငံတကာစစ်ဥပဒေနဲ့ လူ့အခွင့် အရေးဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး နိုင်ငံတကာတရားရုံးများနှင့် စစ်ခုံရုံးများ၌ အရေးယူပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ရမည့် စစ်ရာဇဝတ်မှုကြီးများ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက “NUG က သံတမန်ရေးအရ လေကြောင်းစစ်ဆင်နွှဲတဲ့သဘောပါပဲ။မကြာသေးဘူး။စစ်ကောင်စီက ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာလိုက်တဲ့အပေါ် NUGအစိုးရက တုံ့ပြန်လိုက် တဲ့သဘောပါပဲ။စစ်ကောင်စီဟာ တရားမဝင်အာဏာသိမ်းထားတဲ့အဖွဲ့၊ပြီးတော့ စစ်ရာဇဝတ်မှုမျိုး စုံကျူးလွန်နေတဲ့အဖွဲ့ဖြစ်လို့ ဒီလိုအကြမ်းဖက်အဖွဲ့က ဘယ်သူ့ကိုမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပိုင်ခွင့် မရှိဘူးလို့ တုံ့ပြန်လိုက်တာ။အခုလိုတုံ့ပြန်မှုက လက်တွေ့အကျိုးသက်ရောက်မှု ဘာမှမရှိပေမဲ့ သံတမန်ရေး တိုက်စစ်အရ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်”ဟု MPAသို့ ပြောသည်။
စစ်ကောင်စီသည် အရပ်သား ပြည်သူများကို စစ်ပွဲများတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ရှိစွာဖြင့် အသက်၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များနှင့် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူများကိုပါ အဓမ္မ တိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာကြောင်းစစ်ကောင်စီသည် မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေပြီး အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကို ပျက်စီးထိခိုက်စေသော အဖွဲ့အစည်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
အထူးသဖြင့် မြန်မာ့ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင်မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလိုလားကြသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုအား ထိရောက်ပြင်းထန် စွာ အရေးယူဆောင်ရွက်ပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ က ပန်ကြားလိုက်သည်။
စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများနှင့် စစ်ကောင်စီ၏ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းလုပ်ရပ်များကို ရာဇဝတ် လုပ်ရပ်များအဖြစ် သတ်မှတ်လိုက်ကြောင်းနှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီ စီမံဆောင်ရွက်စေခိုင်းမှုများကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင် သွားကြရန် တိုက်တွန်းကြောင်း NUGအစိုးရက ဆိုသည်။
တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)နှင့် အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာနှစ် ရက်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ကြေညာခဲ့သည်။