By Nway / MPA
ရန်ကုန်မြို့၊ အင်းစိန်ထောင်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီးက မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၀ ရက်၊ နံနက် သုံးနာရီဝန်းကျင်တွင် ပုဒ်မ (၅၀) ည ဖြင့် ထောင်၁၁နှစ် ကျခံနေရသူ အသက်၂၅နှစ်အရွယ်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီး ဇင်မျိုးကို (ခ) မျိုးကြီး က ခြိမ်းခြောက်ထိုးကြိတ်၍ မုဒိန်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (စက်တင်ဘာလေးရက်) သတင်းထုတ်ပြန်သည်။
“ ဒါဟာ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒါပေမဲ့၊ ထောင်ထဲမှာ ဘာအပြစ်ပေးအရေးယူမှုမှ ပြုလုပ်ထားခြင်းမရှိဘူး။ ဒါကိုကြည့်ခြင်းဖြင့် ထောင်အာဏာပိုင်တွေက သူတို့ရဲ့ လက်ကိုင်တုတ်တွေကို အကာအကွယ် ပေးနေတာပါ” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA ကိုပြောသည်။
မုဒိန်းကျင့်ခဲ့သည့် အခန်းလူကြီး ဇင်မျိုးကို(ခ)မျိုးကြီးကို အဆောင်မှူး အောင်ကျော်ဆင့်က အကာအကွယ်ပေးထားပြီး မုဒိမ်းမှုအား ဖုံးကွယ်ပေးခဲ့ကာ ထောင်ပြင်ပနှင့်အကျဉ်းထောင်အတွင်း ထိုသတင်းပေါက်ကြားပါက ကျူးလွန်ခံရသူနှင့် ကျူးလွန်သူနှစ်ဦးစလုံးအား တိုက်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့ကြောင်း PPNM၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
“ မုဒိန်းကျင့်ခံထားရတဲ့အကျဉ်းသားက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်နေတဲ့အပြင် အဆောင်မှူး အောင်ကျော်ဆင့်က ဒီသတင်းမပျံ့နှံ့အောင် ခြိမ်းခြောက်တာတွေရှိနေတဲ့အတွက် လုံခြုံရေးပါ စိုးရိမ်ရတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
မုဒိမ်းကျင့်သည့် အခန်းလူကြီးသည် မုဒိမ်းမှုဖြင့် ထောင်၁၀နှစ် ကျခံနေရသူဖြစ်ကြောင်း သိရသည်။
အကျဉ်းထောင်တွင်း လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြသည့် ထောင်ဝန်ထမ်းများနှင့် ၎င်းတို့၏ လက်ကိုင်တုတ်များကို ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း PPNM ကဆိုသည်။