By Ra Wai / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် သုံးနေရာတွင် Star Link Wifi တပ်ဆင်ထားသည့် ကားများရပ်နားကာ ပြည်သူများအား ကိုးကန့်တပ် MNDAA က အင်တာနက် အခမဲ့ ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရသည်။
ဩဂုတ်၁၁ရက်မှစတင်ကာ လားရှိုးမြို့၊ ရပ်ကွက်နှစ်အတွင်းရှိ အောင်ပုဂ္ဂလိကဆေးရုံရှေ့၊ရပ်ကွက်ရှစ် အတွင်းရှိ မန်ဆူကျောင်းအနီးနှင့် ရပ်ကွက်ငါးရှိ အောင်မင်္ဂလာဈေးအနီးတို့တွင် ဂြိုဟ်တုအင်တာနက် တပ်ဆင်ထားသည့်ကားများ ရပ်နားကာ နံနက်ကိုးနာရီမှ ၁၂နာရီအထိတစ်ကြိမ်နှင့် မွန်းလွဲတစ်နာရီမှ ညနေလေးနာရီအထိတစ်ကြိမ် အင်တာနက်အခမဲ့ ပေးလျက်ရှိကြောင်း လားရှိုးအခြေစိုက် တော်လှန် ရေးရဲဘော်တစ်ဦးထံက သိရသည်။
“လားရှိုးမြို့ပေါ်ကို ပြည်သူတွေ တော်တော်ပြန်လာနေကြပြီ။အင်တာနက်ကိုလည်း ပြည်သူတွေ တော်တော်လာသုံးကြတယ်။အခုလားရှိုးမြို့ပေါ်မှာ လျှပ်စစ်မီးရဖို့ကို MNDAA က ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ခုအနေနဲ့ လုပ်နေတယ်” ဟု ၎င်းက MPAသို့ပြောသည်။
လားရှိုးမြို့၊ရပ်ကွက်တစ်အတွင်းရှိ UWSA ‘ဝ’ ပြင်ပဆက်ဆံရေးရုံးတွင်လည်း ဩဂုတ်လေးရက်မှစတင်ကာ မနက်မှ ညနေအထိ အများပြည်သူ အင်တာနက်သုံးနိုင်ရန် Star Link Wifi အခမဲ့ပေးထားကြောင်း သိရသည်။
“ညဘက်ကတော့ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲထားတာရော၊လျှပ်စစ်မီးမရှိလို့ မှောင်ကလည်း မှောင်နေတာကြောင့် ဘယ်သူမှ အပြင်မထွက်ကြဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
လားရှိုးမြို့ လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် အထူးဒေသတစ် လျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်းများနှင့် ဒေသခံဝန်ထမ်းများပူးပေါင်းကာ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မကြာမီ လျှပ် စစ်မီးရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
“ဖုန်းကတော့ Mytelနဲ့MPT တချို့နေရာတွေမှာ လိုင်းမိပေမဲ့ လိုင်မကောင်းဘူး။ပြတ်တောင်း ပြတ် တောင်း ဖြစ်နေတယ်။အဲဒါကြောင့် တချို့တွေက အမြင့်ပိုင်းတွေတက်ပြီး ဖုန်းပြောရတယ်” ဟု ၎င်းက ဆိုသည်။
ဩဂုတ်၁၇ရက်မှစတင်ကာ လားရှိုးမြို့နေရာအချို့၌ Mytel ဖုန်းလိုင်း ပြန်လည်အသုံးပြုနိုင်ပြီး ဩဂုတ်၂၀ရက်တွင် MPTဖုန်းလိုင်း ပြန်လည်အသုံးပြုနိုင်သော်လည်း လိုင်းမကောင်းသေး ကြောင်း သိရသည်။
ဩဂုတ်သုံးရက်တွင် လားရှိုးမြို့ကို MNDAAနှင့်ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။