By Hlaing / MPA
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အိမ်သုံးဆေးပစ္စည်းများ ပြတ်လပ်ကာ စျေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေကြောင်း ဆေးပစ္စည်းရောင်းချနေသူများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆ ရက်မှစ၍ ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်၊ ကသာ၊ ထီးချိုင့်နှင့် ပင်လည်ဘူးမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိရာ၊ မန္တလေး – မြစ်ကြီးနားနှင့် ရွှေဘို – မြစ်ကြီးနားကားလမ်းပိုင်းတို့ကို နှစ်ဖက်တပ်ဖွဲ့များက ပိတ်ထားကြခြင်း ဖြစ်သည်။
ထိုကဲ့သို့ လမ်းပိုင်းများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းကြောင့် မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများမှာ ဆေးပစ္စည်းများပြတ်လပ်ခြင်းကြောင့် စျေးနှုန်းများမြင့်တက်ခြင်းတို့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကိုလည်း တပြိုင်နက်တည်း ကြုံတွေ့နေရခြင်း ဖြစ်သည်။
“ ကားလမ်းတွေက ပိတ်တော့ ဆေးပစ္စည်းတွေရောက်ဖို့ကလည်း ခက်တယ်။ ဆေးတွေကလည်း ပြတ်၊ ဆေးဆိုင်ကြီးတွေကလည်း ပိတ်ထားကြတာ သြဂုတ်လလယ်လောက်ကတည်းကပဲ၊ တချို့ လှောင်ထားတဲ့သူတွေကတော့ စျေးတင်ပြီး ရောင်းချနေတာမျိုးတွေရှိတယ်” ဟု မြစ်ကြီးနားမြို့မှ ဆေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် အိမ်တွင်းသုံး အခြေခံဆေးဝါးများဖြစ်သည့် ဘာမီတွန်၊ အရက်ပြန်၊ ပန်နယ်ဆလင်၊ ပါရာစီတမော၊ ဓာတ်ဆားထုပ်များနှင့် ဖျားနာကိုက်ခဲဆေးများမှာလည်း နှစ်ဆခန့်မြင့်တက်နေပြီး၊ နာတာရှည်ရောဂါများဖြစ်သည့် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်၊ အာရုံကြော နှင့် ကင်ဆာရောဂါများအတွက် သုံးစွဲရသည့် (Chemo) ခီမိုဆေးဝါးများ ပြတ်လပ်မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
“ သာမန် ဖျားနာတာအတွက်က ဆေးပြတ်သွားတယ်ဆိုတာတော့ မရှိဘူး။ သံဓာတ်အားဖြည့်ဆေးတစ်ကဒ်ကို ငါးထောင်ထိပေးဝယ်ရတယ်။ ဝမ်းကိုက်၊ ဝမ်းလျှောလိုမျိုး၊ အရေပြားပြသနာတွေအတွက်က လိုက်ရှာပြီး ဝယ်နေရတယ်။ ဗမာဆေး၊ ဆေးမြီးတိုလောက်နဲ့ ဖြတ်လို့ရရင် ဖြတ်လိုက်တာပဲ၊ အရင်ကလို ဒီဆိုင်တစ်ဆိုင်ဝင်တာနဲ့ တန်းရလာတယ်ဆိုတာမျိုး မဟုတ်တော့ဘူး” ဟု မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ ကျတော်သောက်တဲ့ ကျောက်ကပ်ဆေးပေါ့၊ ယူရိုခရက်ရှ်တစ်ဗူးကို နှစ်သောင်းနားကပ်နေပြီ၊ အရင်ကမှ တစ်ဗူး ရှစ်ထောင်ဝန်းကျင်ပဲ၊ ဆေးပြတ်သွားရင် ခက်ခဲမှာစိုးလို့ဆိုပြီးလည်း ဝယ်ထားလို့က မရပြန်ဘူးလေ၊ စျေးတွေတက်ကုန်တာကတော့ အဆင်မပြေဘူး” ဟု စီတာပူရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိ အင်းတော်မြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှလည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ၍ ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများမှာ မန္တလေးမြို့သို့ လှည့်ပြန်နေရကြောင်း သိရသည်။
“ လမ်းမှာက တိုက်ပွဲတွေကဖြစ်တော့ ဆေးတွေက မရောက်ဘူး။ လေယာဥ်နဲ့သယ်ရပြန်တော့လည်း ကုန်ကျစရိတ်ကကြီးတယ်။ မြို့ပေါ်မှာတောင် ဆေးပစ္စည်းမစုံလင်တော့ဘူး။ ရွာတွေဘက်ဆို လိုအပ်တဲ့ဆေးဝါးက ပိုခက်ခဲနေပြီလို့ ထင်တယ်” ဟု CDM ပြုလုပ်ထားသည့် ဆရာဝန်တစ်ဦးက ဆိုသည်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပို့ကုန်ရငွေ(Export Earing ) တင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ကို ခွင်ပြုတော့မည်ဆိုသည့် နောက်ဆက်တွဲကြောင့် ဆေးဝါး စျေးနှုန်းများမှာလည်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
“ အခုလို ကန့်သက်လိုက်တော့ အခြေခံလူတန်းစားတွေကို အရမ်းထိခိုက်သွားမယ်။ လိုအပ်တဲ့ ဆေးဝါးကို မှောင်ခိုစျေးလိုမျိုး စျေးကြီးပေးဝယ်ရမယ်။ ဆေးဝါးလုပ်ငန်းရှင်တွေလည်း ထိခိုက်နိုင်တယ်။ စစ်ကောင်စီက ဒေါ်လာလိုအပ်မှုများနေတဲ့အတွက် အရူးမီးဝိုင်းသလိုမျိုး လျှောက်လုပ်တာက ပြည်သူတွေကို လာထိတယ်” ဟု မန္တလေး သွားဆေးတက္ကသိုလ်မှ CDM ပြုလုပ်ထားသည့် ကျောင်းသားတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီ အာဏာသိမ်းသည့်အချိန်မှစ၍ သုံးနှစ်ကျော်ကလအတွင်း ဆေးဝါးပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများ၊ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ သုံးဆခန့်မြင့်တက်လာပြီး အခြေခံလူတန်းစားများ ကျပ်တည်းမူကို ပိုမိုရင်ဆိုင်လာရသည်။