By Ra Wai / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ စက်ရုံရဲကင်းမှ စစ်အုပ်စုဝင်များသည် PDFတို့၏ လေးရက်ဆက် ဗုံးကြဲ တိုက်ခိုက်ခြင်းခံရပြီးနောက် စခန်းစွန့်ခွာထွက်ပြေးသွားကြပြီဖြစ် ကြောင်းသိရသည်။
ဩဂုတ် ၃၁ရက်မှစတင်ကာ ကမ္မမြို့ရဲစခန်းကို ကာကင်းယူထားသည့် ရဲနှင့်စစ်သား အင်အား ၃၀ဝန်းကျင်ရှိ စက်ရုံရဲကင်းစခန်းအား လေးရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးခဲ့ရာ ယနေ့ (စက်တင်ဘာ ၄ရက်) နံနက် နှစ်နာရီဝန်းကျင်က စခန့်စွန့်ခွာထွက်ပြေးသွားကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။
“ ဒရုန်းက ရှစ်စီးဗျ။ ဗုံးအရေအတွက်ကျ ရာချီမှာပေါ့။ ကမ္မရဲစခန်းနဲ့ မီတာ ၈၀၀ ပဲဝေးတယ်။ ကမ္မရဲစခန်းနဲ့ မြို့တောင်ဘက်ကို ကာထားတဲ့ ကင်းစခန်းပေါ့” ဟု ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု၊ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
ယင်းစက်ရုံရဲကင်းစခန်းရှိ စစ်အုပ်စုဝင်များသည် ပခုက္ကူမြို့နှင့် ကမ္မမြို့ကြား၊ ကန်တော်ရွာရှိ စစ်ကောင်စီကင်းစခန်းသို့ ဆုတ်ခွာသွားကြောင်း ၎င်းကပြောသည်။
“ ဘုန်းကြီးကျောင်းထဲမှာ ကင်းစခန်းရှိတယ်။ အဲ့ကိုပေါင်းတာ။ တိုက်ခိုက်မှုမှာ ထိခိုက်မှုတော့ရှိနိုင်တယ်။ အတိအကျမသိရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
စခန်းစွန့်ခွာထွက်ပြေးပြီးနောက် PDFပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေးဝင်ရောက်ရာ သိမ်းဆည်းရရှိသည့် ပစ္စည်းများမရှိကြောင်း၊ ကင်းစခန်းကိုမူ မြေကော်ကားများဖြင့် ဖျက်ဆီးနေကြောင်း သိရသည်။
ယင်းဒရုန်းဖြင့် တိုက်ခိုက်မှုများကို ကမ္မတပ်ပေါင်းစု၏ Droneအဖွဲ့များ၊ မြိုင်မြို့နယ် ပကဖ ၏ Droneအဖွဲ့များ ၊ပေါက်မြို့နယ် ပကဖ ၏ Droneအဖွဲ့များ၊ မကွေးတိုင်း Drone Teamနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။