By Ra Wai / MPA
မန္တလေးတိုင်း၊ တံတာဦးမြို့မရဲစခန်းမှ ရဲတပ်သားများကို ရှေ့တန်းပို့ဆောင်မည်ဖြစ်ပြီး မသွားလိုလျှင် ကျပ်ငါးသိန်း ပေးရမည်ဟု ခရိုင်မှူးက တောင်းနေကြောင်းသိရသည်။
စက်တင်ဘာလကုန်၌ တံတားဦးမြို့မရဲစခန်းမှ ရဲတပ်သားများကို ရခိုင်စစ်မျက်နှာသို့ ပို့ဆောင်မည်ဖြစ်ပြီး မသွားလိုလျှင် ငွေငါးသိန်းပေးရမည်ဟု တံတားဦးခရိုင်ရဲမှူးက ဩဂုတ် ၃၀ရက်တွင် ပြောကြောင်း တံတားဦးမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ မြို့နယ်မှူးက မန္တလေးဘက်ကိုပြောင်းသွားပြီးတော့ ခရိုင်မှူးက ရဲတွေကို ရှေ့တန်းမထွက်လိုရင် ငါးသိန်းပေးရမယ်ဆိုပြီး တောင်းခံတယ်။ စခန်းထဲမှာ ရဲမေတွေက များတယ်။ ရဲတပ်သားက နည်းတယ်။ ခုလကုန်ရှေ့တန်းပို့မှာ။ မပေးနိုင်ရင် ရှေ့တန်းထွက်ရမှာပေါ့။ မြို့နယ်မှူးမရှိတော့ ခရိုင်မှူးက လုပ်ချင်ရာလုပ်နေတာ” ဟု ၎င်းက MPA သို့ပြောသည်။
ရဲတပ်သားများသည် တစ်လလျှင် ကျပ်နှစ်သိန်းသာရရှိပြီး ငါးသိန်းပေးရန် ခက်ခဲနေသဖြင့် နီးစပ်ရာလူများထံ လိုက်လံအကူအညီတောင်းခံနေကြောင်း သိရသည်။
“ ရတဲ့လစာက နှစ်သိန်းကို ခုလိုပေးရတော့ အခက်အခဲတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်းက အပြင်ကိုပြန့်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း တံတားဦးမြို့မရဲစခန်းမှ ရဲငါးဦးကို ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်ခဲ့ရာ သုံးဦးသေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။