၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့ တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတရော်ခရိုင် ၏ (၁၁) ကြိမ်မြောက် ညီလာခံ ကို မူတရော်ခရိုင်၊ ဌာနချုပ်တွင် စတင်ကျင်းပခဲ့သည်။
အဆိုပါ ညီလာခံ သို့ ကေအဲန်ယူ-ဗဟို ခေါင်းဆောင်များ ဖြစ်သော တွဲဘက်အထွေထွေအတွင်းရေးမှူး-(၁) ပဒိုစောဆဲပွယ်၊ ပဒိုစောအယ်ထူး၊ ပဒိုစောကလယ်စေး၊ ပဒိုမန်းဘထွန်း တို့ နှင့် အတူ စစ်ဌာနချုပ်အကြီးအကဲ ဖြစ်သော ဒု-စစ်ဦးစီးချုပ် စောဘောကျော်ဟဲ တက်ရောက်ခဲ့ပြီး ညီလာခံ တက်ရောက်လာသူ စုစုပေါင်း (၁၆၈) ဦး ရှိခဲ့သည်။
မူတရော်ခရိုင် ညီလာခံ မှ ပဒိုစောထဲဒယ် အား ခရိုင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်စောမူဟဲ အား ဒု-ဥက္ကဋ္ဌ၊ ပဒိုစောလေးတော အား အတွင်းရေးမှူး၊ ပဒိုစောကလော်ထူး အား တွဲဘက်အတွင်းရေးမှူး၊ ပဒိုရောဘင်မူး အား တရားသူကြီး အဖြစ် ရွေးကောက်တင်မြောက် ခဲ့ကြသည်။
ထို့အတူ ခရိုင် အလုပ်အမှုဆောင်ကော်မတီ (၉) ဦး နှင့် ခရိုင် အမြဲတမ်း ကော်မတီ (၃၁) ဦး တို့ကိုလည်း ရွေးကောက်တင်မြောက် ခဲ့ကြပါသည်။ ညီလာခံ သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့ တွင် စတင် ခဲ့ပြီး (၃၀) ရက်နေ့တွင် ပြီးဆုံးခဲ့သည်။
ခရိုင်တွင်း မိဘပြည်သူများ ၏ ဆန္ဒ နှင့်အညီ ရှေ့လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော် စီစဉ်ဆောင်ရွက် ရန် အတွက် ညီလာခံ ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်ခဲ့ပြီး စီမံအုပ်ချုပ်သွားရန် ဖြစ်သည်။
တိုက်ပွဲများကြောင့် မိဘပြည်သူများ ကြုံတွေ့ရင်ဆိုင်နေကြရသည့် အခက်အခဲများကြောင့် ဖိနှိပ်အုပ်ချုပ်မှုများ မှ လွတ်မြောက်ရန် နှင့် လွတ်လပ်ခြင်း၊ တန်းတူအခွင့်အရေးရှိခြင်းများ နှင့် ပြန်လည် ရှင်သန်နေထိုင် နိုင်ရန် ခရိုင် ဥက္ကဋ္ဌ ပဒိုစောထဲဒယ် မှ အောက်ပါအတိုင်း လမ်းညွန်စကား ပြောကြားခဲ့သည်။
“ မူတရော်ခရိုင် ရဲ့ ယခု ကျင်းပတဲ့ ညီလာခံ မှာ ရှေ့လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့စွာ ဆက်လက် လုပ်ဆောင်နိုင်ဖို့ လက်ရှိအခြေအနေ အရပ်ရပ်ကို လေ့လာသုံးသပ်ပြီး လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက် သွားကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ညီလာခံ ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်ထားသူများ အနေဖြင့် အဖွဲ့အစည်း လုပ်ငန်းများ တိုးတက်အောင်မြင်လာရန် အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် တာဝန်ရှိပြီ ဖြစ်ပါသည်။ ထို့နည်းတူ ယခု ကာလ ဟာ စိန်ခေါ်ချက်တွေ အမျိုးမျိုးနဲ့ နိုင်ငံရေးအခြေအနေ အရပ်ရပ် တွေ ကြောင့် ကျနော်တို့ ခေါင်းဆောင်တွေ အားလုံး အင်တိုက်အားတိုက် အချိန်ပေးဖို့ လိုသလို သေချာ စဉ်းစား ဆင်ခြင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” မူတရော်ခရိုင်၊ ဥက္ကဋ္ဌ ပဒိုစောထဲဒယ် ပြောကြားခဲ့သည်။
ဤ ညီလာခံ တွင် ခရိုင်တွင်း စီမံအုပ်ချုပ်ရေး အင်အားတောင့်တင်း ကောင်းမွန်လာစေရန် ခေါင်းဆောင်းများ နှင့် အတူ လူငယ်ခေါင်းဆောင်များလည်း တက်ရောက် ပါဝင် ဆွေးနွေး တိုင်ပင် သုံးသပ် အကြံပြု ဆွေးနွေး ပေးခဲ့ကြသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပါရှိသည့် အတိုင်း ဗဟို၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် အတွက် (၄) နှစ် တစ်ကြိမ် ညီလာခံ ခေါ်ဆိုရန် နှင့် ကျေးရွာအုပ်စု၊ ကျေးရွာ အဆင့်ဆင့် တွင်မူ (၂) နှစ် တစ်ကြိမ် ညီလာခံ ခေါ်ဆိုရမည် ဖြစ်သည်။