By Ra Wai / MPA
“ဒီနိုင်ငံမှာ လူလာဖြစ်တဲ့ ကိုယ့်ဘဝကိုယ်ပဲ အပြစ်တင်ရတော့မယ်” လို့ အသက်၂၃ နှစ်အရွယ် လူငယ် လေးတစ်ဦးက ဆိုတယ်။
သူက ပဲခူးတိုင်း၊ ရန်ကုန်-ပြည် ကားလမ်းမနံဘေး မြို့လေးကနေ စွန့်ခွာထွက်ပြေးလာခဲ့တဲ့ လူငယ်။ ဖွာလန်ကြဲနေတဲ့ ဆံပင်ကို ကြည့်ကောင်းရုံ အဆင့်ပင် ဖီးသင်ထားခြင်းမရှိ၊ တကယ့်ကို စိတ်ပျက်လက်ပျက်၊ နေ့ခင်း ၁၂ နာရီထိုးနေတာတောင် အခုမှ အိပ်ရာကထလာသလိုမျိုး ဖရိုဖရဲ။ မီးခိုးပြောင်းတိုင်ပမာ မှုတ်ထုတ်နေတဲ့ ဆေးလိပ်ငွေ့တွေရဲ့ကြား သူ့မျက်နှာ ဝိုးတိုးဝါးတား။
“ဘဝမှာ တစ်ခါမှ အခုလောက် စိတ်ဓာတ်မကျဖူးဘူး” လို့လည်း သူ ဆက်ပြောတယ်။
အခု ဩဂုတ်လလယ်လောက်က ပြည်ပထွက်ဖို့ သူကြိုးစားခဲ့တယ်။ ငါးပြားတစ်စေ့တောင် လူ့အခွင့်အ ရေးမရှိတဲ့ နိုင်ငံမှာ ပြည်ပထွက်ခွာခွင့်ရဖို့ ဆိုတာကလည်း ဘုရားပေးတဲ့ ဆုလဒ်ပမာ မဟုတ်လား။ တတ်သမျှ မှတ်သမျှ ဘုရားစာတွေ တတွတ်တွတ်ရွတ်ခဲ့ပေမဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရောက်တော့ အရပ်ဝတ်နဲ့ မျက်နှာကြောတင်းနေသူတစ်ဦးက ဘာတစ်ခွန်းမှ မေးမနေ “မရဘူး၊ ပြန်တော့” လို့ တစ်ခွန်းတည်းနဲ့ အပြတ်ဖြတ်ခြင်းခံလိုက်ရ။
ပြန်တော့ဆိုတဲ့ စကားတစ်ခွန်းကြောင့် လေယာဉ်အသွားအပြန်လက်မှတ်၊ ဟိုတယ်ဘွတ်ကင်၊ ဗီဇာကြေး အကုန်ရှုံး။ အကြီးမားဆုံး ကြောက်မက်ဖွယ်အရှုံးက အနာဂတ်ပျောက်သွားသလို ခံစားလိုက်ရတာပဲလို့ သူက ဆိုတယ်။
“အရပ်ဝတ်နဲ့ ဘာကောင်လဲတော့ မသိဘူး။ ဘေးမှာ ရဲယူနီဖောင်းနဲ့ ကောင်တွေလည်း ရှိတယ်။ အဖမ်းခံရမှာစိုးလို့ မမေးရဲဘူးဗျာ” လို့ သူ ဆက်ပြောပြတယ်။
အဲဒီအရပ်ဝတ်တချို့က ခရီးသွားလူငယ်တွေရဲ့ ရုပ်ကိုပဲကြည့်ကာ လေယာဉ်ပေါ် တက်ခွင့်ပြု၊မပြု စီရင် ချက်ချနေကြတယ်တဲ့။ သူနဲ့အတူ ထိုင်းသို့ ထွက်ခွာမယ့် သူငယ်ချင်းက ပြန်တော့ ဆိုတဲ့စကားအပေါ် ဘဝင်မကျတာနဲ့ “ဘာဖြစ်လို့လဲ” လို့ စောဒကတက်ကြည့်မိ။ အဲဒီမျက်နှာကြောကြောတင်းတင်းက “အိမ်ပြန်မ ရောက်ချင်ဘူးလား” လို့ နောက်တစ်ခွန်း ထပ်ပြောတာခံလိုက်ရတယ်။ အိမ်ပြန် မရောက်ချင်ဘူးလား ဆိုတာက ထောင်ထဲရောက်သွားချင်သလားလို့ မေးလိုက်မှန်း သိလိုက်တာမို့ ခေါင်းငိုက်စိုက်ချ လှည့်ပြန်ခဲ့ရ။ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းလေးတောင် မေးခွင့်မရှိတဲ့ မြန်မာလူငယ်များဘဝ။ ဒါဟာ မင်းအောင်လှိုင် စစ်ကြောရေး စခန်းလား၊ ရန်ကုန်လေဆိပ်လား။
ရန်ကုန်လေဆိပ်မှာ ရဲတွေနဲ့ ဘာမှန်းမသိတဲ့ ကောင်တွေက ဩဂုတ်လအတွင်း ခရီးသွားလူငယ်တွေကို ပိုက်စိပ်တိုက် စီရင်ချက်ချ။ လူငယ်များစွာ ပြည်ပထွက်ခွာခွင့် ငြင်းဆန်ခံနေရကြောင်း သိရတယ်။
PJ လို့ ခေါ်တဲ့ ပြည်ပထွက်အလုပ်လုပ်သူတွေ ကိုင်ဆောင်တဲ့ ပတ်စပို့နဲ့ အလုပ်ထွက်လုပ်ဖို့ဆိုတာက သူတို့လို လူငယ်တွေအတွက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတော့ PV လို့ခေါ်တဲ့ အလည်အပတ်နိုင်ငံကူး ပတ်စပို့နဲ့ကြိုးစားကြရ။
“ကျတော် စိတ်ထင် တချို့ဆိုရင်လည်း အလုပ်လုပ်ဖို့ သွားတာမဟုတ်ဘူး။ ဒါပေမဲ့၊ သူတို့က PV ကိုင် ထားတဲ့ လူငယ်တွေကို အဓိကစစ်ပြီး မောင်းထုတ်နေတာ။ တချို့လည်း သူတို့မေးတာ သေချာဖြေနိုင်လို့လား၊ ပိုက်ဆံကြိုပေးထားလို့လား မသိဘူး။ သွားခွင့်ရတယ်။ တော်တော်များများလည်း တစ်ခွန်းတောင်မမေးဘဲ မောင်းထုတ်ခံလိုက်ရတာ။ မောင်းထုတ်ခံရသူက အနည်းဆုံးတော့ လေယာဉ်လက်မှတ် အရှုံးပဲ” လို့ ရန်ကုန် လေဆိပ်ဝန်ထမ်းတစ်ဦးက ဆိုတယ်။
ပဲခူးတိုင်းလူငယ်လေးကလည်း ဒီဩဂုတ်လအတွင်း ပြည်ပထွက်မယ့် သူ့မိတ်ဆွေ ၁၀ ယောက်မှာ ၇ ယောက်လောက်က ထွက်ခွာခွင့်မရခဲ့ဘူးလို့ ဆိုတယ်။
သူတို့တတွေ PV ဆိုတဲ့ ပတ်စပို့ရဖို့ကိုတောင် ငွေပုံပေးထားခဲ့ရတာ။ အခုတော့ အဲဒီ PV ဆိုတာလည်း သုံးမရ။ ရန်ကုန်မှာ သူတို့ ဘာ့အတွက် ဆက်နေထိုင်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်တောင် မရှိတော့။ ကိုယ့်မြို့ ကိုယ်ပြန်ရင်လည်း ကျိန်းသေပေါက် စစ်တပ်ထဲ ရောက်မယ့်ကိန်းမို့ ခက်လှ။
သူတို့ တစ်မြို့တည်းသား သူငယ်ချင်း သုံးယောက် ရန်ကုန်တက်လာခဲ့တာ ၁၀၂၇ စစ်ဆင်ရေးတောင် မစတင်သေးတဲ့ ၂၀၂၃ နှောင်းပိုင်းကတည်းကလို့ဆိုတယ်။ သူတို့ရဲ့ အိပ်မက်က ကိုရီးယား အလုပ်အကိုင်ရရှိ ရေး။ ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ရေး ရန်ကုန်မှာ တစ်နှစ်လောက် ရုန်းကန်။ စာမေးပွဲအောင်ခဲ့ရင် ကိုရီးယားနိုင်ငံမှာ အလုပ်ရဖို့က ရာခိုင်နှုန်း၈၀ကျော် သေချာနေပြီဆိုတော့ သူတို့ သုံးဦးစလုံး ဒေါင်းတင်မောင်းတင်။
သူတို့ရဲ့ မိဘတွေက အဆင်ပြေတဲ့ လူလတ်တန်းစားအဆင့်တွေမို့ ငွေအတွက်ပူပန်စရာ မလို၊ ရန်ကုန်ဆိုတာ နေတတ်ရင် ပျော်စရာကြီးပဲလို့ ဆိုကာ သာယာခဲ့ကြတယ်။
“စစ်ကောင်စီကို မကြိုက်ပေမဲ့ နိုင်ငံရေးဆိုတာ ကိုယ်နဲ့ မဆိုင်ဘူးလို့ပဲ မှတ်ခဲ့တယ်။ စစ်မှုထမ်းဥပဒေ ထွက်လာတော့မှပဲ ဖေ့စ်ဘွတ်ခ်မှာ တင်နေကြသလို နိုင်ငံရေးက ကိုယ့်အိမ်ရှေ့ရောက်လာပြီဆိုတာ သိတော့တယ်” လို့ သူက ဆက်ပြောတယ်။
နိုင်ငံရေးတွေဘာတွေနဲ့ မပတ်သက်မိအောင်နေပေမဲ့ ဘယ်လိုမှ ရှောင်လွှဲလို့မရ။ စစ်မှုထမ်းဥပဒေက သူတို့ကို ဇာတိမြို့ပြန်လို့မရအောင် လုပ်ရုံတင်မက ရန်ကုန် နေထိုင်မှုဘဝဟာလည်း ၂၀၂၄ သင်္ကြန်အကျော်က စလို့ ခြောက်ခြောက်ခြားခြား။ မိဘတွေနဲ့ အဆက်အစပ်အရ သူတို့နေထိုင်တဲ့နေရာက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နားလည်မှု တစ်စုံတစ်ရာရှိတာကြောင့် ဧည့်စာရင်းတိုင်စရာမလိုတဲ့အပြင် ဧည့်စာရင်းစစ်မယ်ဆို ကြိုတင်သိရှိ ရှောင်နိုင်ပေမဲ့ ရန်ကုန်မှာ နေထိုင်ရတာ စိတ်အေးစရာတစ်ကွက်မှ မရှိတော့မှန်း သူတို့သဘောပေါက်လာခဲ့တယ်။ တရေးနိုး သန်းခေါင်ကျော်အချိန် ခွေးဟောင်သံစိပ်စိပ် ကြားရတဲ့အခါတိုင်း ဧည့်စာရင်း လာစစ်တာများလား၊ တိုက်အောက်ကို ခိုးကြည့်ရတာ တစ်ညမပြတ်။ တထိတ်ထိတ်ဘဝတွေအတွက် ညတွေဟာ အဲဒီလို ကယောက်ကယက်။
ရန်ကုန်ကနေ အမြန်စွန့်ခွာဖို့ လိုမှန်း သူတို့သဘောပေါက်လာတယ်။ သူတို့ရဲ့ ကိုရီးယားအိပ်မက်ကို လွှတ်ချကာ ထိုင်း သို့မဟုတ် နိုင်ငံတစ်ခုခုမှာ အလုပ်အကိုင်ရရှိရေး။ ထိုင်းမှာလူခံရှိပြီး စွန့်စားရဲတဲ့ သူတို့မိတ် ဆွေတချို့က အောက်လမ်းကနေ ထိုင်းထဲခိုးဝင်။ တချို့လည်း ထိုင်းမှာ အဆင်ပြေနေပြီး တချို့လည်း အဖမ်းခံလိုက်ရ။
“ဘယ်လောက်ရင်နာဖို့ ကောင်းသလဲဗျာ။ ကျတော်တို့ အသိ နှစ်ယောက် ထိုင်းထဲခိုးဝင်တာ ထိုင်းရဲမိပြီး ထောင်ကျသွားတယ် ။အခုထောင်ကနေထွက်ပြီး မြန်မာဘက်ခြမ်းပြန်ပို့တော့ စစ်တပ်က သူတို့ကို စစ်ထဲ သွင်းလိုက်တယ်လို့ သတင်းရတယ်” လို့ သူက ပြောပြတယ်။
စစ်တပ်ထဲ မဝင်ချင်လို့ ငွေကုန်ကြေးကျခံ ထိုင်းသွားခါမှ ထိုင်းထောင်ထဲမှာလည်း ခြောက်လလောက်နေ လိုက်ရ။ ထောင်ကျပြီး ဒီဘက်ကမ်းပြန်ပို့တော့လည်း စစ်တပ်ထဲရောက်ရ။
အခု ရန်ကုန်လိုမြို့ကြီးမှာတောင် ပေါ်တာဆွဲနေတယ်ဆိုတဲ့အသံ ဟိုတစ်ကွက် ဒီတစ်ကွက် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေတာကြောင့် သတိကြီးကြီးထားနေရကြောင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၂ ရပ်ကွက်နေ အသက် ၂၀ အရွယ် လူငယ်လေးတစ်ဦးကလည်း ဆိုတယ်။
လက်ရှိမှာ လူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ကိုင်တာကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်နေပေမဲ့ နိုင်ငံခြားသင်္ဘောသားအလုပ်ကိုမူ မပိတ်သေးတာကြောင့် နိုင်ငံခြားသင်္ဘောပေါ် အလုပ်ရရှိရေးအတွက် ကြိုးစားနေတယ်လို့ သူက ဆိုတယ်။
“လောလောဆယ်တော့ လမ်းသွားရင်းနဲ့ အဖမ်းမခံရရေးပေါ့။ ပေါ်တာဆွဲပြီး စစ်တပ်ထဲ ထည့်နေတဲ့ သတင်းက ဖေ့စ်ဘွတ်ခ်ပေါ် တောက်လျှောက်တက်နေတော့ ဘယ်သွားသွား ဘယ်ဆိုင်ထိုင်ထိုင် ခွေးတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေရတယ်” လို့ သူက ဆက်ပြောတယ်။
ရန်ကုန်မြို့မှာ စစ်ကောင်စီအသိုင်းအဝိုင်း ပြင်ပ အလုပ်ရှိတဲ့ လူငယ်ရော အလုပ်မရှိတဲ့ လူငယ်တွေပါ အတိတ်ဆိုတာသာ ရှိတော့ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ် ပျောက်ဆုံးကုန်ကြပြီလို့လည်း သူက ပြောတယ်။ ရယ်စရာဆိုတာတောင် မရှိ၊ ပျော်စရာဆိုတာ အဝေးကြီး။ ဘယ်နေ့ အဖမ်းခံရမလဲ၊ ဘယ်နေ့မှာ စစ်တပ်ထဲရောက်မလဲ။ လူငယ်တွေရဲ့ အတွေးတိုင်းမှာ အဲဒါတွေနဲ့ လွတ်သွားတယ်ဆိုတာမျိုး မရှိတော့။ လူငယ်တွေအတွက် လုပ်စရာက နိုင်ငံခြားတိုင်း ပြည်တစ်ခုခုမှာ အခြေချနိုင်မလားနဲ့ PDF ထဲဝင်ပြီး ပြန်တိုက်မလားဆိုတဲ့ နှစ်ခုတည်း။
“ကျတော်တို့က ငတ်မှာလည်းမကြောက်ဘူး။ ကုန်ထမ်းရမယ်ဆိုလည်း မကြောက်တော့ဘူး။ စစ်တပ်ထဲ မဝင်ရရင်ပြီးရော၊ ချေးပဲ ကျုံးရကျုံးရ” လို့ သူက ပြောတယ်။
မြို့တိုင်းမှာ လူငယ်တွေ ပါးလျလာတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် မြို့ကိုစွန့်ခွာ၊ လက်နက်ကိုင်တော်လှန်ရေးသမားဘဝ၊ ယုံကြည်ချက်အတွက်ဘဝစွန့်၊ အသက်စွန့်ခဲ့တဲ့လူငယ်တွေလည်း မနည်း။ အခု အဓမ္မစစ်မှုထမ်းဥပဒေထွက်လာပြီးနောက် ခြေဦးတည့်ရာ လွတ်ရာလွတ်ကြောင်း ပြေးလွှားနေကြရတဲ့ လူငယ်တွေလည်း အုန်းအုန်းထ။ ဒီနေ့ထိတိုင် တွေဝေငေးမှိုင်စွာနဲ့ ချိတုံချိချ ပိတ်မိနေဆဲ လူငယ်တွေလည်း သိပ်မများတော့ရင်တောင် သိပ်မနည်းလှ။
“ကျတော့်မျက်စိရှေ့တင်ကို ကျတော်တို့မြို့က လူငယ်တွေ တဖြည်းဖြည်း ပျောက်သွားကြတယ်” လို့ ရန် ကုန်မြို့အနီး၊ ကျောက်တန်းမြို့ပေါ်နေ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောတယ်။
ရန်ကုန်အခြေစိုက် စာရေးဆရာတစ်ဦးကတော့ စစ်တပ်ထဲမဝင်ဘဲ လွတ်ရာကို ထွက်သွားနိုင်ခြင်းဟာ ကိုယ့်တနိုင်တော်လှန်ခြင်းပဲလို့ ဖွင့်ဆိုတယ်။ စစ်ကောင်စီကို ဆန့်ကျင်နိုင်ရင် ဆန့်ကျင်တော်လှန်၊ PDF လုပ်နိုင်တဲ့သူလုပ်။ အဲဒီလိုမှ မလုပ်နိုင်လည်း အလုပ်တစ်ခုခုလုပ်ပြီး တော်လှန်ရေးအတွက် ရန်ပုံငွေထည့်ဝင်ကြလို့ သူက တိုက်တွန်းတယ်။
ပဲခူးတိုင်းလူငယ်လေးကတော့ “နိုင်ငံခြားထွက်ဖို့ ဘယ်လိုမှ မရတော့ဘူးဆိုရင်တော့ သူငယ်ချင်းတွေရှိတဲ့ PDF တပ်ထဲ ဝင်ဖို့ပဲရှိတယ်။ စစ်တပ်ထဲတော့ မဝင်နိုင်ဘူး” လို့ ဆိုရဲ။