By Garcia Ni / MPA
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း၏ ဖမ်းဆီးခြင်းခံခဲ့ရသော ပြည်သူ့ကာကွယ်ရေးရဲဘော် နှစ်ဦးနှင့် တစ်ဦးကို စက်တင်ဘာ သုံးရက် ၊ နံနက်ပိုင်းတွင် စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ နှစ်ရက်၊ နေ့လယ်ပိုင်းတွင် ရေမျက်နီရဲကင်းစခန်းမှ ထွက်ခွာလာသည့် အင်အား ၈၀ခန့်ပါ စစ်ကြောင်းသည် ထီးလင်းမြို့အရှေ့ခြမ်း၊ တိရွာအနီးသို့ရောက်ရှိလာပြီးနောက် ပကဖရဲဘော် သုံးဦး ဖမ်းဆီးခံလိုက်ရ ကြောင်း သိရသည်။
“ ပကဖရဲဘော် သုံးဦးက ကင်းသွားစောင့်နေတဲ့အချိန်မှာ တိရွာအနီးမှာ စစ်ကောင်စီရဲ့ ဝိုင်းတာကိုခံလိုက်ရတာဗျ၊ အဲ့ဒါကြောင့်ဖမ်းခံလိုက်ရတာ” ဟု ထီးလင်းမြို့အရှေ့ခြမ်းပကဖတာဝန်ခံက MPAကိုပြောသည်။
အဆိုပါစစ်ကြောင်းသည် ထီးလင်းမြို့မှ ရေမျက်နီရဲကင်းစခန်းသို့ စစ်ကူသွားရောက်ခဲ့သောစစ်ကြောင်းဖြစ်ပြီး သြဂုတ်၂၇ရက်နေ့တွင် ရေမျက်နီမှပြန်လည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ တစ်ရက်နေ့တွင် လျှော်ဖြူပင်ရွာမှ ပြည်သူ ခုနှစ်ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားခဲ့သော်လည်း ပြင်ပရွာနှင့်တိရွာအကြားသို့အရောက် စက်တင်ဘာ နှစ်ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။
“ ဒီနေ့မနက် ငါးနာရီကျော်လောက်၊ ထီးလင်းအဝင်မှာ သုံးယောက်အသတ်ခံရတယ်။ သတ်ခံရတာက ညှစ်လျှောက်လမ်းဆုံမှာ အဖမ်းခံရတဲ့စစ်ကိုင်းဘက်က ကားသမားတစ်ယောက်ရယ်၊ တိရွာဘက်မှာဖမ်းခံရတဲ့ ပကဖ နှစ်ယောက်ဗျ။ ပကဖတစ်ယောက်က ညကတည်းကထွက်ပြေးတာမှာ ဒဏ်ရာတွေနဲ့လွတ်သွားတယ်လို့သိရတယ်” ဟု ခိုင်မာသည့်ထီးလင်းမြို့တွင်း သတင်းရင်မြစ်က ပြောသည်။
ဖမ်းဆီခံရသူများအသတ်မခံရခင် စက်တင်ဘာ နှစ်ရက်၊ ညနေ ခြောက်နာရီခွဲခန့်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထိခိုက်မှုရှိခဲ့ကြောင်း ယောတော်လှန်ရေးတပ်(YRA-ထီးလင်း)ထံမှ သိရသည်။
“ ဝါးရင်းချိုင်ရွာအဝင်မှာ မိနစ် ၂၀လောက် လက်နက်ကြီး၊ လက်နက်ငယ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်။ ရန်သူဘက်က နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကနေသိရတယ်။ ကျတော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူး” ဟု YRA(ထီးလင်း)၏ တာဝန်ခံသခင်ဇော်က ပြောသည်။
ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်မှ ၁၇ရက်နေ့အထိ လေးရက်ကြာတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်ဖြင့် ဗုံးသီးအများအပြားကြဲချ၍ စစ်ကူပေးခဲ့ရသည့်အပြင် ထီးလင်းမြို့မှလည်း မြေပြင်စစ်ကူများစေလွှတ်ခဲ့ရသည်။
အဆိုပါတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တောမရွာမှ အရပ်သားတစ်ဦးဗုံးထိမှန်သေဆုံး၍ ကလေးငယ်အပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ၂၀၂၃ခုနှစ်၊ နှစ်ကုန်ပိုင်းမှစပြီး ဒေသကာကွယ်ရေးတပ်များက ထီးလင်းမြို့ကိုပိတ်ဆို့၍ ရိက္ခာဖြတ်တောက်ထားရာ စစ်ကောင်စီသည် ထီးလင်းမြို့အနီး ငါးမိုင်ပတ်လည်ကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုး၍ ရိက္ခာများခိုးယူသယ်ဆောင်တတ်ကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။