By Nway / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်ဂိတ်ကို PDFတို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ၂ရက်၊ ည ကိုးနာရီခန့်တွင် ဒီပဲယင်း – ရေဦးလမ်းအထွက်ရှိ ရေဦးမြို့အဝင်စစ်ဆေးရေးဂိတ်ကို ၈၁ (မမ) လက်နက်ကြီး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ရေဦးမြို့အဝင်ဂိတ်က ဘန်ကာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ သူ့ကို ရေဦးမြို့ထဲက တိုင်းရင်းဆေးရုံကို ခေါ်သွားပြီး ဆေးကုပေးနေတယ်လို့ သိရတယ်” ဟု Wolf Guerrilla LPDF(YE-U) အဖွဲ့၊ သတင်းပြန်ကြားတာဝန်ခံ ကိုညိုကြီးက MPA ကို ပြောသည်။
တိုက်ခိုက်နေစဉ်တွင် ယင်းဂိတ်ရှိ စစ်သားများက ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ မြို့တွင်းအခြေအနေကတော့ ပုံမှန်ပဲ။ ဒါပေမဲ့ ခါတိုင်းရက်တွေဆို မြို့အဝင်ဂိတ်က သိပ်မစစ်ဆေးဘူး။ ဒီနေ့(စက်တင်ဘာသုံးရက်)မနက်မှာ ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီတပ်သား ငါးယောက်အထိ စစ်လာတယ်။ ဖမ်းဆီးတာမျိုးတေ့ာမရှိဘူး။ အစစ်အဆေးကျပ်ရုံလောက်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံအခြေစိုက် စစ်သားများက ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။
ရေဦးမြို့အဝင်စစ်ဆေးရေးဂိတ်ကို စစ်အုပ်စုဝင် ၂၀ခန့်ရှိပြီး စစ်သားတစ်ဦး ဒဏ်ရာရရှိမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။