By Blackpanda / MPA
တနင်္သာရီတိုင်း၊ ပုလောမြို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း များရှိနေသောကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားရန် ပုလော PDF အဖွဲ့က သတိပေးထားသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၂၆ရက်တွင် ပုလောမြို့နယ်၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ဗုံးခိုကျင်းများ တူးထားရန် သတိပေးရခြင်းဖြစ်ကြောင်း ပုလော PDF ဒုတပ်ရင်းမှူး ကိုကျော်ထင်အောင်က ပြောသည်။
“ ပြည်သူတွေကို သတိပေးချင်တာကတော့ အခု တနင်္သာရီတိုင်းမှာ စစ်တပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တနင်္သာရီမြို့မှာဆိုရင်လည်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အဲ့ဒါ ကြောင့်မလို့ ဗုံးခိုကျင်းတွေ ပြင်ဆင်ထားပါ၊ ဗုံးခိုကျင်းတွေ မဖြစ်မနေတူးကြပါ၊ အဓိကမှာချင်တာကတော့ ဒါပါပဲ” ဟု ဒုတပ်ရင်းမှူး ကိုကျော်ထင်အောင်က ပြောသည်။
“ ဗုံးခိုကျင်းတွေ တူးခိုင်းထားတယ်။တိုက်ပွဲတွေက ဖြစ်နေတာ၊ စစ်တပ်က စစ်ကြောင်းထိုးလာရင် ကြိုတင်ကာကွယ်နိုင် အောင်ဆိုပြီး လုပ်ခိုင်းတာလို့ ပြောတယ်” ဟု ပုလောမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ပုလောမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်ကောင်စီကလည်း ပြည်သူများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
” စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာတဲ့အခါ နှစ်ပတ်အတွင်း ဒေသခံ ၉၀ လောက် အဖမ်းခံရတယ်။ အခုထိလည်း ပြန်မလွှတ်သေးဘူး။ ရွာသားတွေကို ဖမ်းပြီးတော့ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ သယ်ဆိုင်းတာ၊ ပြီးတော့ လမ်းပြ အဖြစ် ခေါ်ဆောင်တာ၊ စစ်သားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလဲသယ်ရတယ်။ ပိုဆိုးတာက လူသားဒိုင်း အနေနဲ့ အသုံးပြုခံရတာတွေ ရှိနေတယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် တနင်္သာရီတိုင်းအတွင်း မြေပြင်စစ်ကြောင်းနှင့် ဝေဟင် လေယာဉ်များအသုံးပြုပြီး တိုက်ခိုက်မှုများအပြင် ဒေသခံများ၏ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင် အသုံးပြီး တနင်္သာရီ၊ လောင်းလုံ၊ ပုလော၊ ကော့သောင်း၊ ထားဝယ်၊ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ခမောင်းတောင်၊ ထိန်တွင်း၊ ဖွားဘုတ်ပြင် စတဲ့မြို့နယ်တွေက ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်နေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်မှစတင်ကာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် ကားလမ်းများ ပိတ်ထားပြီး ခရီးသည်တင်ကားများအပါအဝင် အိမ်စီးကားများ ပိတ်မိနေကြောင်း လွတ်လပ်သော မီဒီယာများတွင် ဖော်ပြထားသည်။
ထို့ပြင် ဩဂုတ် ၁၈ရက် ညပိုင်းတွင်လည်း ပုလောမြို့နယ်၊ ပုလော မြို့မရဲစခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် တန်းရှင်းရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်ရှစ်နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးသေဆုံးခဲ့သေးသည်။
ယင်းအပြင် ပြီးခဲ့သည့် မေလအတွင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင်လည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ရသေးသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလမှ မေလအထိ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးခဲ့သူသည် ၆၇၀ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူသည် ၁၅၀၀နီးပါးရှိကြောင်း သတင်းဌာနများ၏ ဖော်ပြချက်များ အရသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အရပ်ဘက် ၊ စစ်ဘက် ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု များကို မဆင်မခြင် ပြုလုပ်လျက်ရှိရာ လေကြောင်း တိုက်ခိုက်မှုများအနက် လူသောပျောက် အများဆုံးဖြစ်စဉ်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြေးရွာဖြစ်စဉ်ဖြစ်ကာ လူပေါင်း ၁၇၀ ခ့န် သေဆုံးခဲ့သည်။