By Hlaing / MPA
ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် အနီးအနားမြို့နယ်ခွဲများသို့ ဘတ်စ်ကားပြေးဆွဲပေးသည့်အတွက် ပြည်သူများ၏ ခရီးသွားလာရေး ပိုမိုအဆင်ပြေလားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက်မှစ၍ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ မြို့သစ်၊ ကုန်းလော၊ ဂါးရာယန်နှင့် ဂန်ဒေါင်ယန်ကျေးရွာသို့ ခရီးသွားယာဥ်လိုင်းများ စတင် ပြေးဆွဲပေးနေခြင်းဖြစ်သည်။
“ ဒီလိုမျိုး ယာဥ်လိုင်းတွေပြေးဆွဲပေးနေတော့ နီးစပ်ရာရွာတွေက ပြည်သူတွေအတွက် အရင်ကထက်ပိုပြီး အဆင်ပြေတယ်။ တချို့စစ်ရှောင်တွေဆို ကိုယ့်အိမ်ကိုယ်လည်း ခဏတော့ပြန်ကြည့်လို့ရတာပေါ့၊ အရင်ကဆို ဆီစျေးကအရမ်းကြီးတော့ သိပ်လည်းမသွားကြဘူးလေ” ဟု လိုင်ဇာမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ယာဥ်စီးခများ အနေဖြင့် တစ်ဦးလျှင် လိုင်ဇာ – ဒေါ့ဖုန်းယန်မြို့နယ် ၂၅၀၀ ကျပ်၊ လိုင်ဇာ – ဂန်ဒေါင်ယန် ၂၅၀၀ ကျပ်၊ လိုင်ဇာ – မြို့သစ်/ ကုန်းလော ၅၀၀၀ ကျပ်နှင့် လိုင်ဇာ – ဂါးရားယန် ၅၀၀၀ ကျပ်ဟု အသီးသီးသတ်မှတ်ထားသည်။
“ လိုင်ဇာနဲ့ ကုန်းလောထိဆို ဆိုင်ကယ်နဲ့သွားရင် ဆီဖိုးချည်းပဲ ငါးသောင်းကျော်ကုန်တယ်။ အခုကတော့ လူလည်းမပင်ပန်း၊ မိုးလုံလေလုံနဲ့လည်း ဘတ်စ်ကားစီးရတာကို ငါးထောင်နဲ့ဆိုတော့ ပိုပြီး အဆင်ပြေလာတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် KIO ဌာနချုပ်အနီးရှိ ကျေးရွာများမှ လိုင်ဇာမြို့ရှိ ပြည်သူ့ဆေးရုံသို့ လာရောက်၍ ကျန်းမားရေးကုသမှု ခံယူနေရသည့် ပြည်သူများအတွက်လည်း ခရီးစရိတ် သက်သာရကြောင်း ဒေသခံများထံမှ သိရသည်။
“ ဆေးရုံလာတက်ရတဲ့သူတွေအတွက်က သွားရေးလာရေး အဆင်ပြေတာပေါ့၊ ဆိုင်ကယ်ဆီဖိုးလည်း အရမ်းမကုန်တော့ဘူး။ နို့မို့ဆို ဆီဖိုးချည်းပဲ သိန်းဂဏန်းနားကပ်ရောပဲလေ၊ တခြားစရိတ်စကတွေကလည်း ရှိနေသေးတယ်” ဟု လိုင်ဇာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ဘတ်စ်ကားများအတွက် ကားရပ်နားကွင်းကို လိုင်ဇာမြို့၊ ဂေါက်လေ့ကျင့်ရေးကွင်းအနီးတွင် ဖွင့်လှစ်ထားပြီး၊ ယာဥ်လိုင်းပြေးဆွဲနေမှုအချိန်များနှင့် ခရီးသွားလာမည့်နေရာများကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် -KIA က ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းနှင့် ဝိုင်းမော် – လိုင်ဇာလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့တော် လွယ်ဂျယ်၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဆဒုံး၊ အင်းဂျန်ယန်၊ ဒေါ့ဖုန်းယန်နှင့် မြို့လှမြို့နယ်တို့ကို သိမ်းပိုက်ရရှိခဲ့ကာ၊ လက်ရှိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိနေသည်။