By Nway / MPA
မန္တလေးမြို့၊ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ချိန်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် စိုးဝင်းရောက်ရှိနေပြီး ၎င်း၏ကိုယ်ရေးအရာရှိအပါအဝင် ခုနှစ်ဦးသေဆုံးကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာ သုံးရက် ) နံနက် လေးနာရီကျော်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ( လပခ ) ကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ (မမ) ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ခုနှစ်လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်သည်။
“ လပခရဲ့ အဓိကနေရာတွေကို ကျတယ်။ တိုက်ခိုက်တဲ့အချိန်မှာ ဒုချုပ်စိုးဝင်းရောက်နေတယ်။ ကြိုသိလို့တိုက်ခိုက်ခဲ့တာတော့ မဟုတ်ဘူး။ တိုက်ဆိုင်မှုတစ်ခုပါ။ စိုး၀င်းလည်း ရဟတ်ယာဥ်နဲ့ နေပြည်တော်ကို ပြန်သွားပြီလို့ သိရတယ် ” ဟု Brave Warriors for Myanmar (BWM) ပြောရေးဆိုခွင့်ရှိသူက MPA ကို ပြောသည်။
ယင်းပစ်ခတ်မှုကြောင့် ဒုကာချုပ် စိုး၀င်း၏ ကိုယ်ရေးအရာရှိဗိုလ်မှူးကြီး တစ်ဦး၊ အရာရှိ သုံးဦး အပါအ၀င် ခုနှစ်ဦးသေဆုံးခဲ့ကာ စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအ နက်လေးဦးမှာ စိုးရိမ်ရသည့်အခြေအနေ ရှိကြောင်း သိရသည်။
” သူတို့ထိခိုက်မှုအရမ်းများလွန်းလို့ အခုဆို နန်းတွင်းအဝင်အထွက်အားလုံးပိတ်ဆို့လိုက်ပြီ။ အထဲမှာရှိနေတဲ့ သူတို့စစ်သားတွေရဲ့ဖုန်းတွေကိုပါ ပိတ်လိုက်ပြီလို့သိရပါတယ်။ သတင်းအမှောင်ချလိုက်တဲ့သဘောပါ။ အတွင်းသတင်း ဆက်ရဖို့တောင် ခက်သွားနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး လူနေအိမ်များပေါ် ကျရောက်မှုရှိနိုင်ကြောင်း သိရသည်။
” ကျတော်တို့ကြောင့်တော့ လူနေအိမ်တွေထိခိုက်တာမရှိနိုင်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့တော်လှန်ရေးအဖွဲ့တွေက ရှော့ဒုံးနဲ့ပစ်တိုင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပြန်ပစ်တာမျိုးတွေ ရှိတယ်။ ရဲဘော်တွေက ပြန်ဆုတ်နေချိန်မို့ ဘယ်နှစ်လုံးပစ်လဲ သေချာမသိပေမဲ့ နှစ်ကြိမ်လောက်တော့ကြားလိုက်ပါတယ်။ ရဲဘော်တွေ ဌာနေကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့ပါပြီ ” ဟု ၎င်းကပြောသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ( လပခ ) ကို တိုက်ခိုက်ရန် နှစ်လကြာပြင်ဆင်ခဲ့ရကာ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာကလည်း လပခ ကို ပထမအကြိမ် တိုက်ခိုက်ခဲ့သေးကြောင်း၊ ယခုတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
စစ်သားများထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။