By Ko Paing / MPA
ပဲခူးတိုင်း၊ ပေါင်းတည်မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို စစ်ကောင်စီထောက်ခံသူများနှင့် အသံတိတ် ဖွဲ့စည်းနေကြောင်း သိရသည်။
သြဂုတ်လ နောက်ဆုံးပတ်မှစတင်၍ ပေါင်းတည်မြို့ပေါ် ရပ်ကွက်၁၂ ခုတွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို အသက် ၃၅ နှင့် ၆၅ ကြားရှိ စစ်ကောင်စီထောက်ခံသူ
အမျိုးသားများဖြင့် တိုးတိုးတိတ်တိတ် ဖွဲ့စည်းနေကြောင်း မြို့ခံအချို့ထံက သိရသည်။
“မြို့ပေါ်မှာတော့ အုပ်ကြီးတွေက သူ့လူနဲ့သူတိုးတိုးတိတ်တိတ်ပဲ ဖွဲ့လိုက်ကြတာ။ပြည်သူ့စစ်တွေကို တော့ သင်တန်းမပေးသေးဘူး။ရပ်ကျေးကတော့ အစည်းအဝေးခေါ်တယ်။တစ်ရွာ ၂၀ နှုန်း နဲ့အုပ်စုရွာကြီး(ကျေးရွာအုပ်စုရွာကြီး)တွေဆိုရင် ပိုများတယ်။အဲ့ဒါကလည်း အုပ်ကြီးတွေအပေါ်မူ တည်တယ်။ပေါက်အိုင်ကြီးအုပ်စုဆို လူ ၁၅၀ စုခိုင်းတာ” ပေါင်းတည်မြို့နယ်၊စျေး တစ်ရပ်ကွက်နေ ပြည်သူတစ်ဦးက MPAသို့ပြောသည်။
စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအဖွဲ့သည် နယ်မြေလုံခြုံရေး၊ ကာကွယ်ရေး၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများကို ထောက်ပို့ရေးစသည့် တာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
“အဓိက ကတော့ သူတို့အင်အားပြုန်းတီးနေတာကြောင့် မြို့တိုင်းမှာ ကာကင်းသဘောမျိုးထားပြီး အရပ်သားကို သေခိုင်းတဲ့သဘောပါ။ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်တဲ့နေရာမှာ လုံခြုံရေးယူခိုင်းမယ်လို့ထင်တယ်။ရွေးကောက်ပွဲလုပ်ဖို့ လုံခြုံရေးအတွက် ကြိုပြင်ထားတာလို့ ထင်တယ်” ဟု ပေါင်းတည်မြို့နယ်(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
သြဂုတ် ၂၂ ရက်မှစတင်၍ ပေါင်းတည်မြို့နယ်၊ကြို့ပင်ရွာတွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ လူစုဆောင်းခဲ့ကြောင်းသိရသည်။