By Bala / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပြန်သည့် ဒေသခံများကို ရပ်စောက်-နမ့်လန်လမ်းရှိ ကျောက်ဂူဂိတ်က ဖြတ်သန်းခွင့်မပြုဘဲ ပြန်လွှတ်နေကြောင်း သိရသည်။
တောင်ကြီးမြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပြန်သည့် စစ်ရှောင် များ အနက်အသက် ၄၅နှစ်အထက်လူကြီးများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း စက်တင်ဘာနှစ်ရက်မှ စတင်ကာ မည်သူ့ကိုမျှဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း ယင်းဂိတ်သို့ ရောက်ခဲ့သည့် သီပေါဒေသခံတစ်ဦးက ပြောသည်။
“ ကျောက်ဂူဂိတ်တစ်ခုပဲစစ်တာပါ။အရင်ဆုံးမှတ်ပုံတင်စစ်တယ်။ရှမ်းမြောက်ပြန်မယ်လို့ ပြောလည်း ပြောရော ကားကိုပြန်လှည့်ခိုင်းတယ်။လူငယ်တွေမသွားရဲလို့ လူကြီးတွေချည်းပဲ သွားကြတာကို မနေ့ က စပြီးပြန်လွှတ်တာပါ” ဟု ၎င်းက MPA သို့ ပြောသည်။
နောင်ချို၊ကျောက်မဲ၊သီပေါ၊လားရှိုး၊ကွတ်ခိုင်နှင့်မူဆယ်တို့သို့ သွားခွင့်မပြုဟု ယင်းဂိတ်တာဝန်ကျစစ် သားများက ပြောကြောင်း သိရသည်။
“ ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းက စစ်တပ်ဂိတ်ရှိလို့ အရင်ကမဖြတ်ကြဘူး။ဂိတ်ကြေးလည်း ပေးရတယ်။ခရီးသည်တွေဆီကလည်း ငွေညှစ်တာရှိတယ်။အရင်ကတော့ သာစည်လမ်းက သွားတာပေါ့။အခုသာစည်တံတားက ရေကြီးနေလို့ ဖြတ်လို့မရဖြစ်နေတော့ ရှမ်းမြောက်ပြန်မယ့် ဒေသခံတွေ တောင်ပိုင်းမှာ ပိတ်မိနေတာပေါ့။မနက်အစောပိုင်းနဲ့ ညနေဆိုရင်တော့ ကျောက်ဂူဂိတ်က စစ်သားတွေမရှိတာများတယ်။အဲ့အချိန်ပြန်ကြတဲ့ သူတွေလည်းရှိတယ်” ဟု ရှမ်းတောင်မှ ရှမ်းမြောက်သို့ ခရီးသည်ပို့ဆောင်ပေးနေသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်၊တောင်ခမ်းရွာ အမြောက်တပ် ၉၀၂ တွင် TNLAနှင့် စစ် တပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည်။