By Bala / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းရှိကျောက်မဲမြို့ခံ စစ်ဘေးရှောင်လူငယ်များကို စစ်ကောင်စီတပ်က မြို့ထဲ ပြန်အဝင်မခံကြောင်း သိရသည်။
တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် ကျောက်မဲမြို့ခံလူငယ်များ ကျောက်မဲမြို့သို့ ပြန်ရာတွင် ရပ်စောက်မြို့နယ်၊ကျောက်ဂူကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဂိတ်က ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်မှစတင်ကာ ပြန်ခွင့်မပြုကြောင်း ကျောက်မဲမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“ တောင်ကြီးကနေ ကျောက်မဲကို ပြန်တာပေါ့။အမေတွေလည်းပါတယ်။ကျောက်ဂူဂိတ်ရောက်တော့ လူကြီးတွေကိုပဲ သွားခိုင်းတယ်။လူငယ်တွေကိုတော့ မပြန်ခိုင်းဘူး။ အသက် ၄၅နှစ်အထက် လူကြီးတွေကိုပဲ ကျောက်မဲပြန်ခွင့်ပြုမယ်လို့ပြောတယ်။ယောကျာ်းလေးရော၊မိန်းကလေးရောကို ပြန်ခွင့်မပြုတာပါ” ဟု ၎င်းက MPAသို့ပြောသည်။
လက်ရှိတွင် တောင်ကြီးမှ ကျောက်မဲသို့သွားရာလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်၏ ယာယီဂိတ်ကင်းစခန်း ငါးခုထက်မနည်းရှိကြောင်း သိရသည်။
ဩဂုတ် ၁၄ရက်တွင် ကျောက်မဲမြို့တွင်းသို့ ဒေသခံစစ်ရှောင် ၃၀ခန့် စတင်ရောက်ရှိလာခဲ့ပြီး ယခုအခါ ကျောက်မဲမြို့ခံ စစ်ရှောင်များ ဆက်တိုက်ဆိုသလို ဝင်ရောက်နေထိုင်လျက်ရှိကြောင်း ကျောက်မဲမြို့၊အထကလေးကျောင်းအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
“ အခုက ဗဟိုစျေးကြီးလည်းဖွင့်နေပြီ။မနက်ပိုင်းဖွင့်တဲ့ မင်္ဂလာစျေး၊အခွန်လွတ်စျေးနဲ့နမ့်ဟူးတောင်း အထက်ရွာစျေးတွေလည်း ဖွင့်တယ်။စီးပွားလုပ်ငန်းတွေက ပြန်စနေပေမယ့် နည်းသေးတယ်။ ကား လမ်းတွေကတော့ အရမ်းကြီးအဆင်မပြေပေမယ့် သွားလို့တော့ရတယ်” ဟု ၎င်းက ပြောသည်။
ဩဂုတ်၂၉ရက်တွင် ကျောက်မဲမြို့တွင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ နေအိမ်အချို့ ထိခိုက်မှုရှိသော်လည်း လူသေဆုံး ထိခိုက်မရှိကြောင်း သိရသည်။
ယနေ့(စက်တင်ဘာတစ်ရက်)ကျောက်မဲမြို့တွင်းအခြေအနေမှာ စစ်ရေးစစ်ရာ ပြဿနာမရှိဘဲ ငြိမ်သက်လျက်ရှိသည်။
ကျောက်မဲမြို့ကို TNLAပူးပေါင်းတပ်က ဩဂုတ်ခြောက်ရက်တွင် သိမ်းပိုက်ခဲ့သည်။