By Nway / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သန်းခေါင်ကျော်အချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ သာသနိကအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့(ဩဂုတ် ၃၁ရက်) နံနက် တစ်နာရီခွဲခန့်တွင် နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် အရှေ့တောင်ခြမ်းနေ ဒေသခံတစ်ဦးထံက သိရသည်။
“ မှောင်နေတော့ ဘာအမျိုးအစားနဲ့လာပစ်သွားသလဲမသိဘူး။ ဗုံး နှစ်လုံးကြဲသွားတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပေါ်ကျပြီး နေအိမ် နှစ်လုံးက လုံးဝပျက်စီးသွားတယ်။ အမျိုးသမီးတစ်ဦး သေတယ်” ဟု ၎င်းက MPA ကို ပြောသည်။
ဩဂုတ် ၃၀ရက်၊ ညနေ ငါးနာရီခန့်ကလည်း နွားထိုးကြီးရဲစခန်းမှ နွားထိုးကြီးမြို့ တောင်ဘက်သို့ လက်နက်ကြီး ငါးလုံးပစ်ခတ်ခဲ့ရာ ပြည်သူများထိခိုက်မှုရှိ၊မရှိ ကိုမူ မသိရသေးပေ။
ဩဂုတ် ၁၀ရက်မှစတင်၍ နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် ကာကွယ်ရေးတပ်ဖွဲ့များက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) ဆင်နွှဲလျက်ရှိရာ စစ်ကောင်စီတပ်က ယင်းမြို့နယ်များ၏ အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေသည်။
ဩဂုတ် ၁၀ရက်က နွားထိုးကြီးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းနေ့တွင်ပင် မြို့မှ ပြန်လည်ဆုတ်ခွာခဲ့သည်။