By Ko Paing / MPA
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်တွင် စစ်ကြောင်းထိုးလာသည့် တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ခုနှစ်ဦးသေဆုံးကြောင်း သိရ သည်။
သြဂုတ် ၃၀ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်တွင် မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာမှ စစ်သား ၁၅ဦး စစ်ကြောင်းထိုးလာစဉ် ဆားချောင်းကျေးရွာအနီး၌ တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ DIY Multirotor အမျိုးအစား ဒရုန်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်းသုံး(Myanmar Defense Force)ထံက သိရသည်။
“ပထမ ၁၅ ဦးနဲ့ စမ်းဘုတ်ကနေ တက်လာတယ်။ဒုတိယ ၂၀ ထပ်တက်လာတယ်။ဒုတိယအကြိမ်က တိုက်ပွဲမဖြစ်လိုက်ဘူး။ကျနော်တို့ပြန်ဆုတ်ပေးလိုက်ရတယ်။လက်ရှိ ရန်သူက စမ်းဘုတ်မှာပဲရှိတယ်။ အင်အားထပ်ဖြည့်ထားတာ စုစုပေါင်း ၁၅၀ လောက်ရှိတယ်” သာယာဝတီခရိုင်တပ်ရင်းသုံး (Myanmar Defense Force)မှ တပ်ရင်းမှူးဗိုလ်စောဂျိမ်း ကပြောသည်။
ယင်းတိုက်ပွဲအတွင်း PDFရဲဘော်တစ်ဦး ဗုံးစထိမှန်ကာ မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က ကျဆုံးနေပြီမို့ မထူးဇာတ်ခင်းပြီး အတင်းအဓမ္မ ပေါ်တာဆွဲတာ၊လူသစ်စုဆောင်းနေကြတာမို့ ပြည်သူတွေ အထူးဂရုစိုက်သွားလာကြပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
သြဂုတ် ၁၅ ရက်ကလည်း မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ဆားချောင်းကျေးရွာရှိ နေအိမ် ၃၉ လုံးကိုမီးရှို့ဖျက်ဆီးခဲ့သေးသည်။