By Nway / MPA
လားရှိုးမြို့၊ အုပ်ချုပ်ရေးဌာနများတွင် တာဝန်ထမ်းဆောင်ရန် စာရင်းပေးသွင်းထားသည့် CDM ဝန်ထမ်း ၂၇၀ကျော် ရှိပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်သည်။
လားရှိုးမြို့အုပ်ချုပ်ရေးဌာန ပြန်လည်စတင်လည်ပတ်နေပြီဖြစ်ပြီး လက်ရှိတွင် CDMဝန်ထမ်းများ ဖြင့် ကျန်းမာရေးဌာန စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
“MNDAA က လားရှိုးမြို့အုပ်ချုပ်ရေးကို အခိုင်အမာတည်ဆောက်တော့မယ်လို့ ပြောလိုက်တာပဲ။ပြီး တော့ နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့လက်ရုံးတစ်ရပ်ဖြစ်တဲ့ CDMဝန်ထမ်းတွေနဲ့ လားရှိုးမြို့ယ န္တရားကို လည်ပတ်သွားမယ်ဆိုတာကလည်း ပြည်သူတွေအတွက် အင်မတန်ကျေနပ်စရာကောင်းတဲ့ သတင်းစကားပေါ့။ စစ်ကောင်စီအတွက်တော့ ရင်ထုမနာပေါ့” ဟု ရှမ်းမြောက်အခြေစိုက် PDF ရဲဘော် တစ်ဦးကပြောသည်။
တာဝန်ထမ်းဆောင်ရန် CDMများ စာရင်းပေးသွင်းမှုကို ဩဂုတ်၁၃ရက်ကတည်းက စတင်လက်ခံခဲ့ ခြင်းဖြစ်ပြီး မကြာမီ ပညာရေးဌာန စတင်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့၏ CDMဝန်ထမ်းများကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် ကြိုဆိုကာ စာရင်းများ လက်ခံနေပြီဖြစ်ကြောင်းနှင့် အခြားမြို့နယ်များမှ CDM ဝန်ထမ်းများကိုလည်း လက်ခံနေကြောင်း MNDAA ကဆိုသည်။
စာရင်းပေးသွင်းလိုသည့် CDMဝန်ထမ်းများသည် ဌာန၏ ထုတ်ပယ်ကြောင်း အမိန့်စာမိတ္တူပါရှိရန် လိုပြီး ယင်းအမိန့်စာမပါရှိပါက ဌာနမှ အခြားCDMဝန်ထမ်းတစ်ဦးဦး၏ ထောက်ခံချက်ပါရှိရမည်ဟု သိရသည်။
ကျန်ဌာနများကို လားရှိုးမြို့နေပြည်သူများ ပြန်လည်ရောက်ရှိလာသည့်အပေါ် မူတည်ကာ လည် ပတ်သွားမည်ဟု MNDAAကဆိုသည်။