By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့ရဲစခန်းအနီးရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သားကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၃၀ရက်) နံနက် ၁၁နာရီခွဲခန့်တွင် ပခုက္ကူမြို့၊ မြို့မစျေးနှင့် လွတ်လပ်ရေးပန်းခြံအနောက်ဘက် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်နေသော စစ်သားတစ်ဦးကို သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
“ ဘဏ်ရှေ့က မီနီအိုးဝေထဲမှာ ထိုင်စောင့်နေတာကို အနီးကပ်ဝင်ပစ်တာ။ မြို့ထဲကို ကျတော်တို့ရဲဘော်နှစ်ယောက်က ဝင်သွားပြီး ပစ်ခတ်ခဲ့တာပါ။ ဘဏ်နဲ့ ရဲစခန်းနဲ့လည်း နီးတယ်။ မီတာ ၁၀၀ လောက်ပဲကွာတယ်။ စစ်သားက ခလရ ၂၅၃ တပ်ရင်းကပါ” ဟု မြိုင်ပကဖ တပ်ရင်းသုံး၊ တပ်ခွဲ တစ်၊ တာဝန်ခံ ကိုဒေးဗစ်က MPA ကို ပြောသည်။
ယင်းသို့ ပစ်ခတ်နေစဉ်အတွင်း ယာဉ်ထိန်းရဲသုံးဦး ဘဏ်ထဲသို့ ဝင်ပြေးသွားကြောင်း မြိုင်ပကဖ ကဆို သည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် MA 3 သေနတ် တစ်လက်နှင့် ကျည် ၂၄တောင့် သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်လမ်းများကို ပိတ်ကာ ပိုက်စိပ်တိုက်ရှာဖွေခဲ့ကာ ပခုက္ကူမြို့၊ အမှတ်သုံးရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးအား အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖနှင့် DLP အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။