By Garcia Ni / MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်တို့တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေမှုကြောင့် ကားလမ်းများပိတ်နေပြီး ကုန်စည်အချို့ပြတ်လပ်ကာ၊ ဓာတ်ဆီစျေးများလည်းတက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ ဂန့်ဂေါမြို့နှင့် ထီးလင်းမြို့ ပတ်ပတ်လည်သို့ စစ်ကောင်စီက အကြိမ်ကြိမ် စစ်ကြောင်းထိုးနေသည့် အပြင် ဩဂုတ် ၁၄ရက်မှစတင်ဖြစ်ပွားခဲ့သည့် ပုလဲ-ဂန့်ဂေါ-ထီးလင်း ကားလမ်းမပေါ်ရှိ ရေမျက်နီရဲစခန်းတိုက်ပွဲ အခြေအနေများကြောင့် ကားလမ်းများပိတ်သွားခဲ့ခြင်းဖြစ်သည်။
” ကားတွေလည်းမထွက်ကြရတော့ ကုန်တွေအဝင်မရှိတော့ဘူး။ ဆား၊ငပိ၊ ဟင်းချိုမှုန့်တွေတော့ ရှိသေးတယ်။ အဓိကပြတ်တာကတော့ စားဆီ၊ ဘယ်မှာမှဝယ်လို့မရတော့ဘူး။ အခုကမြေပဲနှုတ်ချိန်၊ နှမ်းသိမ်းချိန်ဆိုတော့ အဲ့ဒါတွေအမြန်ခြောက်အောင်လုပ်ပြီး ဆီကြိတ်သုံးကြရမှာပါ့၊ ဓာတ်ဆီလည်းမဝင်ဘူး။ ပြီးတော့ ကွမ်းရွက်တွေလည်းပြတ်ကြတယ်။ ကွင်းလမ်းကနေဆိုင်ကယ်နဲ့ သယ်ကြတာတော့ရှိတယ်။ စျေးကတော့အတော်တက်တယ် “ ဟု ထီးလင်းမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက MPAကိုပြောသည်။
လမ်းမပိတ်ခင်က ကွမ်းရွက်တစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်သာပေးရသော်လည်း ယခုအခါ သုံးသောင်းခွဲမှ လေးသောင်း စျေးပေါက်နေပြီး လမ်းမပိတ်ခင်က ဓာတ်ဆီတစ်လီတာလျှင် လေးထောင့်ငါးရာ၊ ငါးထောင်မှ ယခုအခါ ခုနစ်ထောင်၊ ခုနစ်ထောင့်ငါးရာနှုန်းများရှိနေကြောင်းသိရသည်။
ထို့ပြင် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီသည် ဂန့်ဂေါမြို့ ကားအဝင်အထွက်များကို တားမြစ်ပြီး ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ထားသဖြင့် မြို့ခံပြည်သူများ ကုန်ပစ္စည်းပြတ်လပ်မည်ကို စိုးရိမ်၍ ကြိုတင် စုဆောင်းထားမှုများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
” ဒီဘက်မှာတော့ ဂန့်ဂေါအဝင်ပိတ်ကတည်းက မိုးရာသီစာဆိုပြီး ဆီ၊ဆား၊ငပိ၊ဟင်းချိုစတာတွေတော့ ကြိုပြီးဝယ်ထားကြတာရှိတယ်။ ရွာထဲမှာလည်း ဝယ်လို့ရနေပါသေးတယ်။ ကုန်ပစ္စည်း အဝင်ကတော့မရှိတော့ဘူး။ တချို့လည်း ဓာတ်ဆီတွေပြတ်ကြပြီ၊ မရောင်းကြတော့ဘူး “ ဟု ဂန့်ဂေါမြောက်ပိုင်းဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။
ယင်းအပြင် ဩဂုတ် ၁၄ရက်မှ ၁၇ ရက်ထိ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့် ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးအများအပြားကြဲချ၍ တိုက်ခိုက်ခဲ့သည့်အပြင် ထီးလင်းမြို့မှလည်း မြေပြင်စစ်ကူများ စေလွှတ်ခဲ့ကြောင်း သိရသည်။
” စစ်ရေးအခြေအနေတော့ ကျတော်တို့ဘာမှပြောလို့မရသေးဘူးဗျ။ ဒါပေမဲ့ လမ်းတွေပိတ်နေတာတွေလည်း အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ကျတော်တို့ကြိုးစားဆောင်ရွက်နေတယ်ဆိုတာကိုတော့ ပြည်သူတွေကိုအသိပေးချင်ပါတယ်” ဟု ယောကာကွယ်ရေးတပ်(YRA)၏ ပြန်ကြားရေးတာဝန်ခံကိုကောင်းက ပြောသည်။
ရေမျက်နီရဲစခန်းတိုက်ပွဲကြောင့် အနီးအနားရှိ စင်းဇယ်၊ ရေပုတ်နှင့် မျက်မြောင်ကျေးရွာများမှ ဒေသခံပြည်သူများဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ကြရပြီး စားဝတ်နေရေးခက်ခဲမှုများရှိကြောင်း စင်းဇယ်ရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
” ဒီနေ့လည်း ရေမျက်နီဘက်ကစစ်ကြောင်းထွက်လို့ ကျတော်တို့ရှောင်နေကြရတယ်။ နှမ်းခုတ်၊ ကောက်စိုက်လည်း ကြောက်ကြောက်လန့်လန့်နဲ့ စစ်ကြောင်းအခြေအနေကြည့်ပြီး လုပ်နေကြရတာဗျ” ဟု ၎င်းကဆိုသည်။
ရေမျက်နီတိုက်ပွဲပြီးနောက် စစ်ကောင်စီသည် ရေမျက်နီရဲစခန်းမှ စစ်သားများနှင့် ကျောမြို့ကပစ-၂၃မှ စစ်သားများကို သြဂုတ် ၂၈ ရက်တွင် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ကျောမြို့စစ်ကြောင်းသည် ရေပုတ်ရွာမှကားတစ်စီနှင့်အိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ကျောမြို့စစ်ကောင်စီသည် ကျောမြို့အတွင်းကားများဖြတ်သန်းသွားလာခွင့်ကို ခြောက်လ ပိတ်မည်ဆိုသည့် သတင်းများပြန့်နေပြီး ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။