By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဩဂုတ် ၂၉ရက်၊ ညကိုးနာရီဝန်းကျင်က ခင်ဦးမြို့နယ်၊ စည်ပုတ္တရာနှင့် သေနပ်စိန်ကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ စည်ပုတ္တရာရွာမှ ပြည်သူခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံကသိရသည်။
“ ည၉နာရီဝန်းကျင် နှစ်ခေါက်အကြောင်းမဲ့ ဗုံးကြဲသွားတာပါ။ နှစ်လုံး၊သုံးလုံးလောက်ကြဲသွားတာ။ သာမန်ပြည်သူတွေပါ။ ညဆိုတော့ တချို့က အိပ်ရင်းနဲ့ အစ(ဗုံးစ) မှန်တာ ” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့လည်း ပျက်စီးမှုရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်က ဗအိုးရွာနှင့် ဩဂုတ် ၂၆ ရက်က မုံလှရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ငါးဦးဒဏ်ရာရရှိခဲ့သေးကြောင်းသိရသည်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အကြောင်းမဲ့ပြုလုပ်နေသဖြင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းအချို့လည်း ပိတ်ထားရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။