By Nway / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းနှင့် တစ်မိုင်ခန့်အကွာတွင် တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၉ ရက်၊ ညနေ လေးနာရီခွဲခန့်က ရန်ကုန် – မန္တလေးအမြန်လမ်းမ အနောက်ဘက် တစ်မိုင်ခန့်အကွာ ကုက္ကိုသီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် အမှတ်လေးတပ်ရင်းထံက သိရသည်။
“ အမြန်လမ်းနားက လုံခြုံရေးတပ်စခန်းကို ဝင်ပစ်တာ။ တိုက်ပွဲကြာချိန်က မိနစ် ၂၀ လောက်ပဲရှိတယ်။ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဖမ်းမိတဲ့သူတွေလည်း ရှိတယ်” ဟုမြင်းခြံခရိုင် အမှတ်လေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းတိုက်ပွဲတွင် အရှင်ဖမ်းမိသော ဗိုလ်ကြီးဝေဖြိုးသူနှင့် တပ်သားတစ်ဦးမှာ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်မှ ဖြစ်ပြီး သေနတ်ခုနှစ်လက်နှင့် ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီး သုံးနာရီခန့်အကြာ ညနေ ခြောက်နာရီခွဲခန့်တွင် စစ်တပ်က ယင်းစခန်းအနီးရှိ ဆူးရစ်ကုန်းကျေးရွာနှင့် ကုက္ကိုသီးကျေးရွာတို့သို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဆူးရစ်ကုန်းရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်လေးတပ်ရင်း (Natogyi People Defence Force)နှင့် အမှတ် ၁၀တပ်ရင်းတို့က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO)အဖြစ် ပူးပေါင်းဆင်နွှဲ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။