By Ra Wai / MPA
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီကားနှစ်စီး တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးသေဆုံးကြောင်းသိရသည်။
ယနေ့(ဩဂုတ် ၂၉ရက်) နံနက် ငါးနာရီကျော်တွင်ငဖဲမြို့နယ်၊ ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၅) မှထွက်လာသည့် အင်အား ၆၀ဝန်းကျင်ပါ ဖောကားနှစ်စီးကို ပဒါန်း-အမ်းလမ်းပိုင်း၊ စပ်စီရွာအထက် မီတာနှစ်ထောင်အကွာ၌ ကားမိုင်း ငါးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလည်ပစ်ခတ်မှု ၂၅မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) အဖွဲ့က သတင်းထုတ်ပြန်သည်။
“ အမ်းဘက်ကို ဦးတည်ပြီးသွားတဲ့ကားတွေပေါ့။ အင်အားအချိန်းအပြောင်းလုပ်ဖို့ ဖြစ်နိုင်သလို စစ်ကူပို့တာလည်း ဖြစ်နိုင်တယ်။ ကျတော်တို့ဘက်က မိုင်းစစဆွဲပြီးချင်းကို ကျတော်တို့ဘက်က လက်နက်ငယ်တွေနဲ့ စပစ်ခတ်တယ်။ ရန်သူဦးမလှန်နိုင်အောင်ပေါ့” ဟု People’s Revolution Alliance (PRA-Magway) စစ်ဦးစီးချုပ် ကိုနောင်သူရိန်က MPA သို့ပြောသည်။
ယင်းထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများကို သယ်ဆောင်၍ ပဒါန်းဘက်သို့ ဆက်လက်ထွက်ခွာလာစဉ် စပ်စီရွာအထက် မီတာတစ်ထောင်အကွာ၌ မိုင်းလေးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ပထမတစ်ကြိမ်မိုင်းဆွဲခံရတဲ့ကားကတော့ ပျက်စီးသွားတယ်ပေါ့နော်။ မိုင်းထိတာကြောင့်ရော အပြန်အလှန်ပစ်ခတ်မှုကြားထဲမှာ ရှိနေတာရောကြောင့် ကားကတော့ သုံးလို့မရအောင် ပျက်စီးသွားတဲ့ အခြေအနေမျိုးတော့ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုများတွင် ဗိုလ်ကြီးမျိုးကျော်သူအပါအဝင် ၁၅ဦး သေဆုံးကြောင်း စစ်ကောင်စီတပ်၏ လူနာသယ်သွားသည့်အခြေအနေ ကြည့်၍ သိရဟု ၎င်းကပြောသည်။
ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်နိုင်ရေးအတွက် People’s Revolution Alliance (PRA-Magway) အဖွဲ့က စစ်ဆင်ရေးများဖော်ဆောင်လျက်ရှိကြောင်းသိရသည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။