By Blackpanda /MPA
မြန်မာကျပ်ငွေ တန်ဖိုး အဆမတန် ကျဆင်းနေမှုနှင့်ပတ်သက်ပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီ လုပ်ဆောင်နေမှုများသည် ဆေးမြီးတိုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်နှင့် စီးပွားရေး ပညာရှင်များက ပြောသည်။
စစ်ကောင်စီသည် ငွေကြေးဖောင်းပွမှုနှင့် ရွှေစျေးနှုန်းများ တည်ငြိမ်ရန်ဟုဆိုကာ ရွှေစျေးကစားသည့် ရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဇွန်လအတွင်းက ဖမ်းဆီးခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှင့် ရွှေစျေးနှုန်းမြင့်တက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် အဆိုပါ အခြေအနေအား ကုစားနိုင်ရန်အတွက် ဗဟိုဘဏ်က ဘဏ်အပ်ငွေများနှင့် ဘဏ်ချေးငွေ အတိုးနှုန်းများကို တိုးမြှင့်လိုက်ကြောင်း ဩဂုတ် ၁၄ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ သူတို့(စစ်ကောင်စီ) လက်ထက်မှာတော့ မရတော့ဘူး။ ဆက်ကျနေအုန်းမှာဘဲ အဓိကကတော့ သူတို့ကို နိုင်ငံတကာက မယုံဘူး။ အဲ့ဒီတော့ သူတို့အနေနဲ့ ရှေရှည်ကုစားဖို့ လုပ်လုပ်၊ ရေတို ကုစားဖို့ လုပ်လုပ်၊ ဆေးမြီးတိုနဲ့ကုသနေတာ ဖြစ်တဲ့အတွက် ဆေးမမှီတော့ဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းခဲ့မှုသည် သွင်းကုန်ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ မရှိသဖြင့် ဒေါ်လာလို အပ်မှု မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကာ ယင်းပြသနာကို ဖြေရှင်းနိုင်ရန် ဆေးမြီးတိုဖြင့် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၉၉သန်းကို တစ်ဒေါ်လာ ၃၄၀၀ကျပ်နှုန်းဖြင့် ဩဂုတ် ၂၀ ရက်တွင် ထုတ်ရောင်းပေးခဲ့သည်။
ထိုကဲ့သို့ ဗဟိုဘဏ်က ဒေါ်လာများ ထုတ်ရောင်းပြီးနောက် ကျပ်ငွေတန်ဖိုး အနည်းငယ်မြင့်တက်ခဲ့သော်လည်း ရေရှည် စီမံချက်မရှိခြင်းနှင့် ဘဏ်များအပေါ် ပြည်သူများ ယုံကြည်မှုမရှိခြင်းများကြောင့် ကျပ်ငွေတန်ဖိုး ပြန်လည် ကျဆင်းနိုင်ကြောင်း CDM ပြုလုပ်ထားသည့် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခဆရာမတစ်ဦးက ပြောသည်။
“ ဘဏ်မှာ အပ်ထားတဲ့ငွေတွေက သူတို့(ဘဏ်လုပ်ငန်းရှင်များ) အခြားနေရာမှာ ရင်းနှီးမြှုပ်နှံထားပြီး လည်ပတ်နေတာလေ၊ အဲ့ဒီအခါကြတော့ ပိုက်ဆံတွေကို ပြန်ထုတ်ချိန် ခွဲတမ်းတွေနဲ့ ထုတ်ပေးတာတိုဖြစ်သွားရော၊ ခွဲတမ်းနဲ့ထုတ်ရတော့ ဘဏ်အပေါ် ယုံကြည်မှုကျလာတယ်။ မယုံကြည်တော့ KBZ တို့ AYAတို့ အဲ့ဒီဘဏ်တွေ ဒေဝါလီခံရမှာလားဆို ပြီး စိုးရိမ်ထိတ်လန့်လာရင် တိုင်းပြည် အခြေအနေက ဒီ့ထက်ပိုဆိုးလာနိုင်တယ်” ဟု CDM ဆရာမက ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီသည် ကျပ်ငွေအကျပ်အတည်း ဖြေရှင်းနိုင်ရန်အတွက် ၎င်းတို့လက်အောက်ခံ ဗဟိုဘဏ်က ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းသည် လွဲမှားသည့် ကိစ္စတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ အဲ့ဒီ ပြဿနာကို ဖြေရှင်းဖို့ ရေတိုကုစားတဲ့အနေနဲ့ ဗဟိုဘဏ်က ဘာလုပ်လည်းဆိုရင် ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတယ်။ တချို့ပိုက်ဆံတွေဆို ဆေးတောင်မခြောက်သေးဘူး။ အဲ့ဒီလိုမျိုးဖြေရှင်းတာက အင်မတန်လွဲမှားပြီး အန္တရာယ်ရှိတယ်” CDM ဆရာမက ပြောသည်။
ထို့ကြောင့် စီးပွားရေးနားလည်သူများသည် ဘဏ်များ၌ ငွေအပ်ခြင်းမရှိတော့ဘဲ ခိုင်မာသည့် ရွှေဝယ်ယူမှုများ ပိုမိုပြု ခြင်း၊ နိုင်ငံခြားငွေများ ဝယ်ယူခြင်းနှင့် အခြားစီးပွားရေးတစ်ခုခု ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာကြောင်း CDM ဆရာမ က ပြောသည်။
” ဘဏ်ကိုပြည်သူတွေက မယုံကြည်တော့ဘဲ အပြင်မှာခိုင်မာတဲ့ ပစ္စည်း ဝယ်ကြတာပေါ့၊ ပြီးတော့ခိုင်မာတဲ့ ငွေကြေး ဒေါ်လာ ၊ ထိုင်းဘတ် ၊ တရုတ်ယွမ်စတာတွေ ဝယ်လာကြတယ်။ အဲ့လိုဖြစ်တော့ နိုင်ငံခြားငွေစျေးတက်လာပြီး မြန်မာငွေစျေးကတော့ ကျပြီးရင်းကျသွားတာ´” ဟု ၎င်းက MPAသို့ပြောသည်။
ယင်းအပြင် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် စီးပွားရေးကျဆင်းခြင်းများသည် နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ ပြည်တွင်းစစ် ဖြစ်ပွားမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရပ်တန့်သွားခြင်းနှင့်လည်း သက်ဆိုင်မှုများရှိကြောင်း CDM ဆရာက ရှင်းပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ ကျပ်ငွေတန်ဖိုးသည် တဖြည်းဖြည်း အကျဘက်သို့ ရောက်ရှိလာပြီး ကုန်စျေးနှုန်းလည်း အဆမတန်မြင့်တက်လာသော်လည်း စစ်ကောင်စီသည် ရေရှည်မကြည့်ဘဲ ရေတို ကုထုံးကိုသာ ကျင့်သုံးနေ ကြောင်း မန္တလေးမြို့မှ ပွဲစားတစ်ဦးက ပြောသည်။
“ ရွှေစျေးတက်တယ်ဆိုရင် ရွှေလုပ်ငန်းရှင်တွေကို ဖမ်းတယ်။ တစ်ခုခုစျေးတက်တာနဲ့ ဖမ်းနေတာ၊ ငွေကြေးခိုင်မာ အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်း သူတို့မှာ မရှိဘူး။ဖမ်းလိုက်ရင် ကျသွားမယ်ဆိုတာပဲ စဉ်းစားနေတာနဲ့ တူတယ်။ စီးပွားရေးကို ဘယ်လို မူဝါနဲ့ ဘယ်လို Plan နဲ့သွားမယ်ဆိုပြီး သတ်မှတ်ထားတာမရှိဘူး။ ခဏလေးငြိမ်သွားရင် အဆင်ပြေပြီဆိုတာနဲ့ သွားနေတာ” ဟု ၎င်းက ရှင်းပြသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ကိုးရက်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၇၀၀၀နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့သော်လည်း ရေတိုစီမံချက်ဖြင့် ဗဟိုဘဏ်က ဒေါ်လာများ ရောင်းချပေးခဲ့ခြင်းကြောင့် လက်ရှိ တစ်ဒေါ်လာ ကျပ် ၅၅၀၀ နီးပါး ပေါက်စျေးရှိနေသည်။
ထိုကဲ့သို့ ဒေါ်လာစျေးမြင့်တက်မှု၊ ကုန်သည်များလက်၌ ဒေါ်လာမရှိခြင်းများကြောင့် ဩဂုတ်လအတွင်း စက်သုံးဆီပြတ်တောက်ပြီး လွယ်လင့်တကူ ဝယ်ယူ၍မရဘဲဖြစ်ခဲ့သည်။
ဘဏ်များသည် လက်ရှိငွေအပ်နှံထားသူများကို လွယ်လင့်တကူ လိုအပ်သလောက်ငွေထုတ်မပေးနိုင်သည့် အခြေ အနေတွင်ရှိနေပြီး တိုင်းပြည်အခြေအနေကြောင့် ဘဏ်စနစ်ပြိုလဲသွားမည်ကို ပြည်သူများနှင့် လုပ်ငန်းရှင်တစ်ချို့ စိုးရိမ်မှုများလည်းရှိနေကြသည်။
မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံအဖြစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (ခေါ်) ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ (FATF) ကြေညာခဲ့ခြင်းဖြစ်သည်။