By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မည်ဆိုသည့် သတင်းများကြောင့် စျေးဆိုင်များ ပိတ်သိမ်းထားသည့်အပြင် ဒေသခံတချို့ စစ်ရှောင်မှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၂၇ရက်တွင် ကွတ်ခိုင်မြို့သို့ စစ်ကောင်စီက ကင်းထောက်လေယာဉ်များဖြင့် မကြာခဏ ထောက်လှမ်းမှုများပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်မည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။
“ မနေ့ကတော့ ဘယ်ဆိုင်မှ မဖွင့်ဘူး။ ဒီနေ့တော့ တချို့ကုန်စုံဆိုင်တွေ ဖွင့်တာတွေ့တယ်။ လူအသွားအလာနည်းသွားတယ်။ အရင်လို ပုံမှန် မရှိတော့ဘူး။ နောက်တစ်ခေါက်ဗုံးလာကြဲမှာ ကိုစိုးရိမ်နေကြတာ၊ လေယာဉ်လည်း ခဏခဏ လာနေတော့ စျေးဆိုင်တွေမဖွင့်ရဲတော့ဘူး” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ကွတ်ခိုင်မြို့တွင် ငါးရက်တစ်ခါဖွင့်လှစ်သည့်(ယနေ့ ဖွင့်လှစ်မည့်စျေး) စျေးသည်လည်း စစ်ကောင်စီ လေကြောင်းရန်ကို ကြောက်လန့်သဖြင့် ခဏသာဖွင့်လှစ်ပြီး ပြန်ပိတ်ခဲ့ရကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ငါးရက်တွင် ကွတ်ခိုင်မြို့မစျေးကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ခြောက်ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်းခန်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်။
“ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း သတိမထားမိတဲ့အချိန်မှာ ဗုံးလာကြဲသွားတယ်။ ဒီတစ်ခေါက်လည်း အဲ့ဒီလိုဖြစ်မှာ ဆိုးလို့ မြို့ထဲတောင် မသွားရဲဘူး။ ဒီလ ၂၇ရက်ကနေ ၂၉ရက်နေ့အတွင်း စစ်တပ်က ဗုံးလာကြဲမယ်ဆိုပြီး သတင်းတွေထွက်တော့ ပိုဆိုးသွားတယ်။ ဘယ်သူမှ မသွားရဲဘူး။ တချို့ဆို အိမ်တွေပိတ်ပြီး ကျမတို့ရွာဘက်ကို တိမ်းရှောင်လာကြတယ် “ ဟု ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ဩဂုတ် ၂၇ရက်၊ ည ၁၁နာရီခန့်တွင် ကျောက်မဲမြို့နယ်၊ ကိုးရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ငါးလုံး ပျက်စီးခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို လေကြောင်း အသုံးပြု တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်ပြီး TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၇ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်း ၁၆မြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ၊အဆိုပါမြို့များအနက် ကွတ်ခိုင်မြို့ကို ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁၆ရက်တွင် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဩဂုတ် ၁၂ရက်က ၁၀၂၇ ပထမလှိုင်းအတွင်း TNLA သိမ်းပိုက်နိုင်ခဲ့သည့် နမ့်ဆန်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ငါးလုံး ထိခိုက်ပျက်စီးခဲ့သေးသည်။


