By Nway / MPA
မန္တလေးမြို့ဆိပ်ကမ်းမှနေ၍ စစ်သားတင် သင်္ဘောများ သပိတ်ကျင်းသို့ ဦးတည် ဆန်တက်လာ ကြောင်း သိရသည်။
ဩဂုတ် ၂၈ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်မှစတင်ကာ မန္တလေးမြို့ဆိပ်ကမ်းမှနေ၍ တိုက်ခိုက်ရေးသင်္ဘော နှစ်စင်း၊ ကမ်းထိုးသင်္ဘော တစ်စင်းနှင့် တွဲတွန်း သင်္ဘောနှစ်စင်း သပိတ်ကျင်းမြို့နယ်သို့ ဦးတည်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေကြောင်း Wetlet Informational Network ထံက သိရသည်။
“ သပိတ်ကျင်းကို ဦးတည်ပြီးတက်လာတာ။ ခုတော့ စဉ့်ကူးနယ်ထဲကို ရောက်နေပြီ။ တက်လာတဲ့လမ်းတလျှောက်လုံး မြစ်ကမ်းနံဘေးက ရွာတွေကို တောက်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်လာတာ” ဟု ယနေ့(ဩဂုတ်၂၉ရက်) နံနက် ၁၁ နာရီ ခန့်တွင် Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာရှိ ပြည်သူ ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရောင်နီနွေဦးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းသင်္ဘောများပေါ်တွင် စစ်သားမည်မျှ ပါလာသလဲဆိုသည်ကိုမူ မသိရသေးပေ။
ဩဂုတ် ၂၈ရက်၊ ည ရှစ်နာရီခွဲခန့်တွင် မတ္တရာမြို့ပေါ် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ်၊ အောက်တောင်းကိုင်းကျေးရွာမှ ပြည်သူ နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သေးသည်။
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့ကို ဩဂုတ်၂၅ရက်နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက သိမ်းပိုက် နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီးတစ်ဦးအား အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၆၈လက် သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက သတင်းထုတ်ပြန်သည်။