By Ra Wai / MPA
စစ်ရေးအရ အရေးပါသော နောင်ချိုမြို့နယ်၊တောင်ခမ်းကျေးရွာရှိ အမှတ်၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကို TNLAပူးပေါင်းတပ်က စီးမိထားပြီဖြစ်ကြောင်း သိရသည်။
တောင်ခမ်းရွာ ၉၀၂ တပ်စခန်း၊ ၄၀၆တပ်စခန်းနှင့် ၂၀၆တပ်စခန်းတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူ များစွာပေးနေကြောင်း TNLAက ဩဂုတ်၂၈ရက်ညတွင် ထုတ်ပြန် ထားသည်။
“တောင်ခမ်းရွာဆိုတာ ရှမ်းတောင်ကို ဝင်ဖို့အတွက် အရေးကြီးတဲ့ အဝင်ဂိတ်ဖြစ်လို့ စစ်ရေးအရ တော်တော်အရေးပါတယ်။အဲဒါကြောင့် စစ်တပ်က လေကြောင်းကနေရော ပြင်ဉီးလွင်ဘက်ကနေပါ တာဝေးပစ်လက်နက်ကြီး ပစ်ကူပြီး အသဲအသန်ခုခံနေတာ။ဒါပေမဲ့၊အခု ၉၀၂ ကို TNLA ကတော်တော်စီးမိသွား ပြီ။ထပ်ပြောရရင် မကြာမီ ၉၀၂ ပြိုတော့မယ်လို့ ပြောနိုင်တယ်” ဟု ရှမ်းမြောက်အခြေစိုက် PDFရဲ ဘော်တစ်ဦးက MPAသို့ပြောသည်။
ထို့အပြင် ၂၀၆တပ်ရင်းသည်လည်း ကစဉ့်ကလျားဖြစ်နေပြီး ယင်းတပ်ရင်းမှ အရာရှိကြီးများပင် ထွက် ပြေးသွားပြီဟု သတင်းကြီးနေကြောင်း ၎င်းက ဆိုသည်။
ဩဂုတ်၂၈ရက်၊နံနက်သုံးနာရီတွင်စေတီကုန်းရှိ ၄၀၆ တပ်စခန်း၊နံနက်ခြောက်နာရီတွင် တောင်ခမ်းရွာ ၉၀၂တပ်စခန်းနှင့် နံနက်ခြောက်နာရီမှ ညနေငါးနာရီအထိ ၂၀၆ တပ်စခန်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ၉၀၂ တပ်စခန်း တိုက်ပွဲအတွင်း စစ်တပ်က Y12ဖြင့် ဗုံးအလုံး၁၀၀၊ ဂျက်ဖိုက်တာဖြင့် ဗုံးခြောက်လုံးနှင့် မိုင်တိုင်ခုနှစ်တွင် ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာရောက်ဗုံးကြဲ ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
“တောင်ခမ်းကျပြီးရင် ထိုးစစ်မြားက ဘယ်ဘက်ဦးတည်မလဲဆိုတာ မသိသေးပေမဲ့ ပြင်ဦးလွင် လည်း အခုရူးချင်ချင်အခြေအနေပဲ။ရှမ်းတောင်က ရပ်စောက်ရှိမယ်၊ဗထူးမြို့ရှိမယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။