By Nway / MPA
စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အထိုင်ချ စစ်ကောင်စီတပ်စခန်းကို မြေပြင်ရော ဝေဟင်ကပါ PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦးသေဆုံးကြောင်း သိရသည်။
ဩဂုတ် ၂၇ရက်၊ မွန်းလွဲ နှစ်နာရီခွဲခန့်တွင် အင်အား ၅၀ခန့်ဖြင့် အုန်းတောရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ပြီး ဒရုန်းနှင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Peacock Drone Team-Myaung က ယနေ့(ဩဂုတ်၂၈ရက်) ညပိုင်း၌ သတင်းထုတ်ပြန်သည်။
“ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဒရုန်းနဲ့ချတယ်။ တိုက်ခိုက်မှုက နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတယ်။ ကျတော်တို့ဘက် အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု Peacock Drone Team-Myaung တာဝန်ခံ ကိုရာစုက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားအများအပြားလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ သူတို့ အလောင်း ၁၀ လောင်းကို သုဿန်မှာ ထွက်သင်္ဂြိုဟ်တယ်လို့ သိရတယ်။ ပြီးတော့ ဒဏ်ရာရတွေကို အရေအတွက် မသိရသေးပေမဲ့ ဆေးကုဖို့ မန္တလေးစစ်ဆေးရုံကို ပို့လိုက်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်ပြီးနောက် ညနေ ငါးနာရီခန့်အထိ အုန်းတောကျေးရွာစခန်းမှ လက်နက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်သို့ ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Peacock Drone Team-Myaung ၊ Standard Revolution Force-SRF MMU ၊ စစ်ကိုင်းခရိုင် တပ်ရင်း သုံး၊ အင်းလေးသား (SGG)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Golden Triangle (SGG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။



