By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာဘုန်းကြီးကျောင်းထဲသို့ စစ်ကောင်စီတပ် လေကြောင်းမှ ကြဲချခဲ့သည့် ဗုံးကျရောက်ခဲ့ရာ စစ်ရှောင် ကလေးငယ်တစ်ဦး ခြေထောက် နှစ်ဖက်စလုံး ဖြတ်လိုက်ရကြောင်းသိရသည်။
ဩဂုတ် ၂၇ရက်၊မွန်းလွဲတစ်နာရီခွဲခန့်တွင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် မြင်းနီကျေးရွာ ဘုန်းကြီးကျောင်းကိုစစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ခုနှစ်နှစ်အရွယ်အမျိုး သမီးငယ်တစ်ဦး ဗုံးစ ထိမှန်ကာ ခြေထောက်ဖြတ်လိုက်ရပြီး ငါးနှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ နွားထိုးကြီး Journal ထံက သိရသည်။
“ ငါးကြိမ်ဝဲပြီး ဗုံးနှစ်လုံးချသွားတာ။ အကုန်မိန်းကလေးတွေချည်းပဲ။ ၇နှစ်အရွယ်ကလေးက ခြေထောက်က အရေပြားတွေလန်ပြီး အရိုးပေါ်နေလို့ နှစ်ဖက်လုံး ဖြတ်လိုက်ရတယ်။ ကျန်တဲ့သူတွေက ဆေးထည့်ဘာထည့်လုပ်ရရုံပဲ” ဟု နွားထိုးကြီး Journal မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းလည်း ပြိုကျ ပျက်စီးသွားကြောင်း သိရသည်။
ဩဂုတ် ၁၄ရက်နေ့ကလည်း မြင်းခြံမြို့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ မြင်းနီကျေးရွာရှိ စေတီတစ်ဆူပြိုကျခဲ့ပြီး အနီးရှိနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။