By Ra Wai / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ သက်ကြီးရွယ်အိုနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဩဂုတ် ၂၇ရက်၊မွန်းလွဲ တစ်နာရီခွဲဝန်းကျင်က ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချခဲ့ခြင်းဖြစ်ပြီး အသက် ၆၀ကျော်အရွယ်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ်တော်လှန်ရေးအင်အားစုထံက သိရသည်။
“ ဗုံးသီးက ပေါင်နှစ်ရာလောက်ရှိမယ်။ သူတို့ တားဂတ်က စာသင်ကျောင်းကို ထားပြီး အနားကို ကြဲသွားတာ။ တိုက်ပွဲကမရှိဘူးဗျ။ အဲ့က သိမ်းထားတာ မကြာသေးဘူး။ အဖွဲ့တစ်ဖွဲ့ တပ်ထိုင်တဲ့အချိန်မှာ သတင်းပေါက်သွားတဲ့သဘောဗျ” ဟု ငါန်းဇွန်မြို့နယ်တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ယင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်းဆောင် တစ်ဆောင်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူ သုံးဦးစလုံး မစိုးရိမ်ရကြောင်း ၎င်းကပြောသည်။
“ စာသင်ကျောင်းတစ်ဆောင်ကတော့ လုံးလုံးပျက်စီးသွားတယ်။ စာသင်ကျောင်းဘေးက အိမ်က ပြည်သူတွေထိတာ။ သေတဲ့အမျိုးသမီးက ဘာဒဏ်ရာမှမရှိဘူး။ ဗုံးကွဲတဲ့ အားကြောင့် နှလုံးလေဟပ်ပြီး သေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဩဂုတ် ၁၉ရက်တွင် ငါန်းမြာကြီး ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး နောက် စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်ခြင်းမရှိတော့ပေ။