By Mandy / MPA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းအချို့တွင် ရိက္ခာပြတ်လပ်နေခြင်းကြောင့် ဒေသခံများ၏ ပစ္စည်းများ၊ စားနပ်ရိက္ခာများကို အတင်းအဓမ္မယူဆောင်မှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကန့်ဘလူမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီ အထိုင်စခန်းများသို့ သွားရောက်နိုင်သည့် လမ်းကြောင်း များကို ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးအနားကျေးရွာများသို့ စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီးပြီး ရိက္ခာဖြင့် လဲလှယ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၂၅ရက်က ချပ်သင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အင်အား ၇၀ခန့်ဖြင့် ဦးကင်းကြည် ရွာသို့ ဝင်ရောက်လာပြီး သုံးဘီးဆိုင်ကယ်တစ်စီး၊ ဆိုင်ကယ် ၁၅ စီးအပြင် စားနပ်ရိက္ခာများ ယူဆောင်သွားကြောင်း ကန့်ဘလူသတင်းများကို အဓိကထားဖော်ပြသည့် Infinity Group က ထုတ်ပြန်ထားသည်။
“ ပျူစောထီးနဲ့ စစ်တပ် ပူးပေါင်းစစ်ကြောင်းက ဩဂုတ် တတိယပတ်မှ စတင်ပြီးတော့ ကန့်ဘလူမြို့နယ် မြောက်ခြမ်းမှာ ရှိတဲ့ ချပ်ကြီးရွာနဲ့ ချပ်သင်းရွာဘက်ကို ရိက္ခာပို့ရင်း စစ်ကြောင်းထိုးနေတာဖြစ်တယ်။ စစ်ကြောင်းထိုး လှုပ်ရှားမှုက တစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်တယ်” ဟု Infinity Group က ဖော်ပြထားသည်။
“ကိုးတောင်ဘို့စစ်ကြောင်းက ရိက္ခာလိုရင် ထွက်တော့တာပဲ၊ ဆန်၊ဆီ၊ အသုံးအဆောင်၊ အဝတ်အထည်တွေနဲ့ အသုံးတည့်တာ အကုန်သယ်တယ်။ ကိုယ်ရှာဖွေသမျှက သူတို့အတွက် ဖြစ်နေတော့တာပဲ” ဟု ယောကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ဆိုသည်။
ထို့ပြင် ကိုးတောင်ဘို့ရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်သည် အနီးအနားကျေးရွာများဖြစ်သည့် ကိုင်းမ၊ လျှော်ဖြူကုန်း၊ ယောကုန်း၊ မိဿလင်ကုန်း၊ သင်တော စသည့်ကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုးပြီး ဒေသခံများ၏ စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများနှင့် အိမ်မွေး တိရစ္ဆာန်များကို ယူဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကိုးတောင်ဘို့ရွာသည် ကန့်ဘလူနှင့် ကောလင်း ခရိုင်ချင်းဆက် လမ်း၌ တည်ရှိပြီး အဆိုပါ ကျေးရွာသို့ ရောက်ရှိနိုင်မည့် ကိုးတောင်ဘို့-ကောလင်း လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၂ခုနှစ်၊ နှစ်လယ်ပိုင်းမှ စတင်ကာ ပိတ်ဆို့ထားခြင်းဖြစ်ပြီး ၊ ၎င်းရွာရှိ စစ်တပ်သို့ ကန့်ဘလူအခြေစိုက် ၆၀၀၆ တပ်ရင်းက ရဟတ်ယာဉ်များဖြင့် ရိက္ခာများပို့ဆောင် သော်လည်း လုံလောက်ခြင်းမရှိသဖြင့် ဒေသခံများထံမှ လုယက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ငါးရက်က ကိုးတောင်ဘို့ရွာရှိ စစ်ကောင်စီတပ်သားများသည် ဂုန်ညှင်းလျှိုရွာမှ ကောက်စိုက်သမ ၁၁ဦး၊ အမျိုးသား သုံးဦးကို ဖမ်းဆီးခဲ့သည့်အပြင် နွားလေးကောင်ကို ယူဆောင်သွားခဲ့ကာ၊ ဖမ်းဆီးခဲ့သူများကို ပြန်လို ချင်ပါက ရိက္ခာဖြင့် လဲလှယ်ခြင်းများပြုလုပ်ရမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သေးသည်။
“ ကျတော်တို့ကတော့ အရေးအကြီးဆုံးအနေနဲ့ စစ်ကောင်စီ အထိုင်စခန်းတွေကို သိမ်းနိုင်ဖို့ မျှော်မှန်းတယ်။ အထိုင်စခန်းတွေမရှိတော့ရင် ပြည်သူပိုင်ပစ္စည်းတွေကို သူတို့ပိုင်ပစ္စည်းလို ယူချင်တိုင်းယူလို့မရတော့ဘူး” ဟု ကန့်ဘလူမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးအင်အား များပြားသည့် နယ်မြေတစ်ခုဖြစ်ပြီး ယင်းနယ်မြေ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ၎င်းတို့ ထိန်းချုပ်ထားခြင်းဖြစ်ကာ၊ ၂၀၂၄ခုနှစ် ဇွန်လမှ စတင်ကာ ဦးဝါသ ဦးဆောင်သည့် ပျူစောထီး တပ်ဖွဲ့များသည် ပြည်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်း၊ မဲနှိုက်ခြင်းများပြုလုပ်ပြီး စစ်မှုထမ်းဆောင်ခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။