By Hlaing / MPA
မိုးမောက်မြို့နှင့် မံစီမြို့နယ်တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်ခန်းများ ပြန်လည်ရရှိရေးအတွက် စစ်တပ်က ထိုးစစ်ဆင်နေကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၉ရက်တွင် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၄၃၇ တပ်ရင်းကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာ ကားများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ခမရ ၄၃၇ တပ်ရင်းသည် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်( မပခ) ၏ အဓိကကျသော ခံစစ်တစ်ခုဖြစ်ပြီး ၎င်းတပ်ရင်း ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
“ ဗန်းမော် ခလရ ၄၇နဲ့ စကခ ၂၁ မှာ ခမရ ၄၃၇ က ထွက်ပြေးတဲ့ စစ်သားတွေ စုနေတာ၊ ၂၄ ရက်နေ့ကတော့ စစ်ကြောင်းတွေခွဲပြီး မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတယ်။ ဗန်းမော်မြို့ရဲ့ ၆ မိုင်၊ ၇ မိုင်ရွာနားတွေမှာ တိုက်ပွဲပြန်ဖြစ်နေတာ၊ ဗန်းမော်မြို့ထဲတော့ ငြိမ်ပါတယ်” ဟု ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ဗန်းမော်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မံစီမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ကောင့်ဂျာယန်ကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားနေကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ မံစီမှာက အရပ်သားမရှိတော့ဘူး။ မနေ့က (သြဂုတ် ၂၆ ရက်) ကောင့်ဂျာယန်နားမှာ တိုက်ပွဲဖြစ်သေးတယ်။ စစ်ယာဥ်တန်းကို KIAက ဖြတ်တိုက်တာ၊ ဗန်းမော်နဲ့ သိပ်မဝေးဘူး၊ ငါးမိုင်အကျော်လောက်ပဲ ရှိမယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ KIAက ဗန်းမော်မြို့ အရှေ့ဘက် မိုးမောက်မြို့နယ်နှင့် ဗန်းမောက်မြို့ အနောက်ဘက် ဗန်းမော်-ရွှေကူကားလမ်းပေါ်ရှိ စင်းခန်းဧရာ၀တီမြစ်ကူးတံတားတို့ကို သိမ်းပိုက်ထားပြီး မံစီမြို့၏ သုံးပုံနှစ်ပုံကိုထိန်းချုပ်ထားနိုင်ကာ၊ မံစီမြို့ အခြေစိုက် ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တပ်ရင်းနှစ်ခုကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။
ယင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်က ၎င်း နယ်မြေများ ပြန်လည်ရရှိရန်အတွက် ၂၀၂၄ခုနှစ်၊ ဩဂုတ် ဒုတိယပတ်အတွင်း အစည်းအဝေးပြုလုပ်ပြီးနောက် ဆင်ဖြူရှင် အမည်ရှိ စစ်ဆင်ရေးကို ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းဦးဆောင်ကာ ထိုးစစ်များ ပြုလုပ်နေခြင်းလည်းဖြစ်သည်။
ဆင်ဖြူရှင် စစ်ဆင်ရေး၏ ရည်မှန်းချက်မှာ စစ်ကောင်စီဆုံးရှုံးသွားသည့် မြိုများ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ မြို့များကို ပြန်လည်သိမ်းယူရန်ဖြစ်ကြောင်း လွတ်လပ်သည့် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဆင်ဖြူရှင်စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကောင်စီသည် သီပေါ၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တို့တွင် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားကြသည်။
“ ရှမ်းမြောက်မှာက ရမခစစ်ဌာနချုပ် (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) တစ်ခုလုံးကြီးနဲ့ အဓိက မြို့တွေကလည်း ကျထားတာဆိုတော့ စစ်တပ်က ပြန်ပြီး ထိုးစစ်ဆင်နေတဲ့ အနေအထားပေါ့၊ ပြီးတော့ စစ်တပ်ရဲ့ တပ်နယ်ဖြစ်တဲ့ ပြင်ဦးလွင်ကို ကာကွယ်ဖို့အတွက်လည်း စစ်ဆင်ရေးဖော်ဆောင်တယ်လို့ ယူဆတယ်။ စစ်မီးကလည်း ရှမ်းမြောက်ဘက်ကနေ ရှမ်းတောင်ဘက်ကို တစ်စတစ်စ ကူးနေပြီ” ဟု စစ်ရေးသုံးသပ်သူတစ်ဦးက ဆိုသည်။
စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်ခံရနေရပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ ဒရုန်း၊ ရေကြောင်းနှင့် လေကြောင်းများ အသုံးပြုကာ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် အရပ်သားပြည်သူများ၏ အိုးအိမ်များ ပျက်စီးရသည့်အပြင် ဒေသခံများလည်း မကြာခဏ သေဆုံးရလျက်ရှိသည်။
လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်သည့်မြို့ပေါင်း ၇၉ မြို့အထိ ရှိလာပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်၊ ကောလင်းနှင့် ပင်လည်ဘူးမြို့များတွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲများဖော်ဆောင် လျက်ရှိသည်။