By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထိပ် စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင် ဘေးပတ်ဝန်းကျင်ရွာများသို့ ဟောင်ဝှစ်ဇာအမြောက်ဖြင့် ပစ်နေကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၂၈ရက်) နံနက် ရှစ်နာရီကျော်မှစ၍ စစ်သား အင်အား ၆၀ခန့် အထိုင်ချထားသော စွမ်းရည်ထက်ဂိတ်မှ ဘေးပတ်ဝန်းကျင်ကျေးရွာများသို့ ဟောင်ဝှစ်ဇာအမြောက်ဖြင့် ပစ်နေကြောင်း Chaung U Revolution ထံက သိရသည်။
“ စွမ်းရည်ထက်ဂိတ်ရဲ့ အနောက်ဘက်၊ အနောက်တောင်ဘက်တွေကို ဦးတည်ပြီးထုနေတာ။ လေးလုံးလောက်ရှိပြီ။ အဲဒီဘက်မှာ ရွာတွေများတယ်။ ရွာ ၂၀ လောက်ရှိမယ်။ ပြည်သူထိတာရှိ၊ မရှိတော့ မကြားမိသေးဘူး။ ထုနေတာလည်း မကြာသေးတော့” ဟု ယနေ့ နံနက် ကိုးနာရီ မထိုးမီ Chaung U Revolution မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ဩဂုတ် ၂၅ရက်တွင် ယင်းဂိတ်သို့ ဟောင်ဝှစ်ဇာအမြောက်ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းနေ့ညပိုင်း၌ မြင်းမူဘက်သို့ စတင်ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
စွမ်းရည်ထက်ဂိတ်သည် မုံရွာမြို့ထိပ်၊ မုံရွာ – မန္တလေးအမြန်လမ်းမဘေးတွင် တည်ရှိပြီး ယင်းလမ်းမပေါ် ဖြတ်သန်းသွားလာနေသော ပြည်သူများထံမှ အဓမ္မငွေတောင်းရမ်းလေ့ရှိကြောင်း သိရသည်။
“ စွမ်းရည်ထက်ကနေ အကြောင်းမဲ့ လက်နက်ကြီးနဲ့ထုနေကြတာ။ ပြီးတော့ သူတို့ဂိတ်ကနေ ဖြတ်သွားတဲ့ ပြည်သူတွေ၊ ခရီးသွားကားတွေဆီက ငွေကောက်တယ်။ ပုံမှန်လိုကို ဖြစ်နေပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
မုံရွာမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချဂိတ်များသည် လက်နက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်ကျေးရွာများသို့ မကြာခဏပစ်ခတ်လေ့ရှိပြီး ပြီးခဲ့သည့် ဩဂုတ် ၂၃ရက်ကလည်း မအူဂိတ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်ကာ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကထာကျေးရွာနေ အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ခြေထောက်ဖြတ်ပစ်ခဲ့ရသည်။