By Nway / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ခရီးသွားယာဉ်များကို စစ်ကောင်စီတပ်သားများက တစ်ရက်တည်း နှစ်ကြိမ် ဓားပြတိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၇ရက်၊ နံနက် ခုနှစ်နာရီခွဲခန့်တွင် မြင်းခြံ – နဘူးအိုင်လမ်းပိုင်း၊ ဇီးပင်ကန် နှင့် ကျောက်ကန်ရွာကြားတွင် ခရီးသွားယာဉ် လေးစီးကို ရဲများက ဓားပြတိုက်ခဲ့ကြောင်း ခရီးသွားပြည်သူတစ်ဦးထံက သိရသည်။
“ ရဲလေးယောက်က တိုက်တာ။ အဲဒီနားက မြေပဲခင်းလား၊ ဘာအခင်းတွေလဲတော့ သေချာမသိပေမဲ့ အခင်းနားမှာလည်း ပုန်းနေတဲ့သူတွေရှိတယ်။။ရိုက်နှက်တာဘာညာတော့ မရှိဘူး။ ဖုန်းတွေ၊ ရွှေဆွဲကြိုးတွေ၊ ငွေတွေအကုန်ယူတာ။ တစ်ယောက်တည်းနဲ့တင် သိန်း ၂၀ ဖိုးလောက်ပါသွားတယ်” ဟု ခရီးပြည်သူတစ်ဦးက MPA ကို ပြောသည်။
ထို့နောက် မွန်းလွဲ တစ်နာရီခွဲခန့်တွင်လည်း မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမြောက်ဘက်ရှိ ရေကန်နား၌ ကားကြီး၊ ကားသေး ၁၀စီးခန့်ကို စစ်သားနှင့်ရဲ ၁၀ဦးခန့်က ဓားပြတိုက်ခဲ့ကြောင်း သိရသည်။
“ တိုက်တာက ၁၀ယောက်လောက်။ ကန်ဘောင်နောက်မှာလည်း ကင်းပုန်းတွေရှိတယ်။ တိုက်တဲ့လူတွေက လူလတ်ပိုင်းတွေ။ အသက် ၃၅နှစ်၊ ၄၀ ဝန်းကျင်တွေ။ လက်နက်တွေလည်း ပါတယ်။ တန်ဖိုးရှိတာ အကုန်ယူပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
မြင်းခြံ – နဘူးအိုင်လမ်းပိုင်းတွင် ခရီးသွားယာဉ်များကို စစ်ကောင်စီတပ်သားများက ဓားပြတိုက် နေသောကြောင့် ပြည်သူများအနေဖြင့် ယင်းလမ်းပိုင်း သွားလာမှုအား အရေးပေါ် အခြေအနေမှအပ အသုံးမပြုကြရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထားသည်။