By Zwe Ko / MPA
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာအချို့သည် ဒုတိယအကြိမ်ရေကြီးရေလျှံမှုနှင့် ကြုံတွေ့ရပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၂၆ရက်မှ စတင်ကာ စစ်တောင်းမြစ်ရေမြင့်တက်လာခြင်းဖြစ်ပြီး တောင်ငူမြို့ရှိ ရွှေလေးတော၊ သဖန်းပင်၊ အလယ်ကျွန်းစသည့် ကျေးရွာများအပါအဝင် ကျေးရွာ ငါးရွာထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေ ကြောင်း ရွှေလေးတောကျေးရွာနေ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ အုတ်ကျွတ်ရွာက မူလွန်ကျောင်းမှာ ပြောင်းနေရတယ်။ လူဦးရေ ၁၀၀ကျော်လောက်ရှိမယ်။ တချို့တွေ့လည်း အခုမှ ပြောင်းဖို့ လုပ်နေတာ၊ ဒီနှစ်မှာ ရေဘေးကြုံရတာ ဒါနဲ့ဆို နှစ်ခါရှိပြီ၊ ပထမ တစ်ခါက ၁၀ရက်လောက်ရေကြီးတယ်။ အခုတစ်ခါတော့ ဘယ်လောက်ထိကြီးအုန်းမယ်မသိဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၂၇ရက်တွင် ထုတ်ပြန်ထားသည်။
“ မိုးဆက်ရွာ၊ မြစ်ရေဆက်တက်မယ်ဆိုရင်တော့ ရေကြီးတဲ့နေရာတွေ ပိုများလာနိုင်တယ်။ မိုးမရွာပါစေနဲ့ပဲ ဆုတောင်းနေရတယ်။ ရေဘေး၊ စစ်ဘေးနဲ့ ပြည်သူတွေလည်း အရမ်းဒုက္ခရောက်ရတယ်။ အလှူရှင်တွေလည်း ကြာရင် လှူနိုင်မှာ မဟုတ်တော့ဘူး။ အခုမနက်ကတော့ ပရဟိတ အသင်းတွေက စားစရာ၊ သောက်စရာတွေ လာလှူသွားသေးတယ်” အုတ်ကျွတ်ရွာ မူလတန်းကျောင်းသို့ ရေဘေးရှောင်နေရသည့် အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂ရက်တွင် တောင်ငူမြို့၌ ပထမအကြိမ်ရေကြီး ရေလျှံမှုကို ကြုံတွေ့ခဲ့ရပြီး သီးနှံစိုက်ခင်းများ ပျက်စီးခဲ့သည့်အပြင် ပြည်သူသောင်းနှင့်ချီကာ ရေဘေးဒုက္ခခံစားခဲ့ရသည်။
“ ပထမ ရေဘေးတုန်းကလည်း တော်တော်ဒုက္ခရောက်ခဲ့ပြီးပြီ၊ အခုတစ်လတောင်မပြည့်သေးဘူး နောက်တစ်ခါ ရေကြီးပြန်ပြီ၊ ဘာတွေလုပ်ကိုင်စားရမှန်းကို မသိတော့ဘူး။ ရေမြန်မြန်ကျပါစေပဲ ဆုတောင်းနေရတယ်။ ဒီ့ထက်ရေပိုကြီး လာရင် ဒုက္ခရောက်ဖို့ပဲရှိတော့တယ်” ဟု တောင်ငူမြို့ပေါ်နေ အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ တောင်ငူမြို့နယ်တွင် စစ်ဘေးရှောင်နှင့် ရေဘေးဒုက္ခသည်များအတွက် အလှူရှင်များနှင့် ပရဟိတအသင်းများက တတ်နိုင်သည့်ဘက်မှ ကူညီမှုများ လုပ်ဆောင်ပေးနေကြောင်း ပရဟိတ အသင်းတစ်ခုတွင် ပါဝင်ဆောင်ရွက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
“လိုအပ်တဲ့နေရာတွေကိုတော့ ကျတော်တို့စွမ်းသ၍ ကူညီဆောင်ရွက်ပေးနေပါတယ်။ အလှူရှင်တွေကလည်း စစ်ဘေးရှောင်တွေရော ရေဘေးသင့်သူတွေရောကို တတ်နိုင်သ၍ ဝိုင်းဝန်းလှူဒါန်းပေးနေတာတွေရှိပါတယ်။ ဒါပေမဲ့ အလှူရှင်တွေလည်း အချိန်ကြာလာတော့ အရင်စဖြစ်တုန်းကလောက်လှူးဒါန်းမဲ့သူမရှိတော့ဘူး။ ကြာလာတော့သူတို့လည်းပန်းလာတာပေါ့၊ အဲဒီတော့ စစ်ရှောင်တွေရော ၊ ရေဘေးသင့်သူတွေရောကို လောက်လောက်ငင ကူညီဖို့ခက်ခဲလာတယ် ” ဟု ၎င်းကဆိုသည်။
ယခုရက်ပိုင်းအတွင်း တောင်ငူမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်း နှစ်ကြိမ်တိတိ တိုက်ခိုက်ခံထားရခြင်းကြောင့် စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး ပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် ရေဘေးသင့် ပြည်သူများကို ကူညီသည့်သူ နည်းပါးလျက်ရှိသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခုရက်ပိုင်းအတွင်း တောင်ငူမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို နေပြည်တော် ပျဉ်းမနားမြို့၊ ကရင်ပြည်နယ် ဘားအံမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်း၌ တောင်ငူ၊ ထန်းတစ်ပင်၊ မုန်း၊ကျောက်ကြီး စသည့်မြို့နယ်များတွင်ရေးကြီးမှုများဖြစ်ခဲ့စဉ် ရေဘေးဖြစ်ပွားနေသည့် နေရာများသို့ ကူညီမှုများလုပ်ဆောင်မည့် ပရဟိတအသင်းများကို စစ်ကောင်စီက သွားလာခွင့် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။
ယခုနှစ် ဇူလိုင် လဆန်းပိုင်းမှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်နေပြီး တိုင်းနှင့် ပြည်နယ်လေးခုရှိ မြို့ ၁၂မြို့တွင် လူဦးရေ သောင်းနှင့်ချီကာ ရေဘေးကြုံတွေ့ခဲ့ရသည်။