By Wadi / MPA
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ဝင်လာသူများတွင် မျောက်ကျောက်ရောဂါသည်တစ်ဦး စတင် တွေ့ရှိဟု ဆိုသည့် သတင်းအမှားများ ဩဂုတ် ၂၅ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ် များ၌ ပျံ့နှံ့ခဲ့သည်။
“ခင်ညိုချော” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီ ၄ မိနစ်အချိန်တွင် “လေဆိပ်က နေ ဝင်လာသူတွေကတစ်ဆင့် ကူးစက်တယ်လို့ယူဆရတဲ့ မျောက်ကျောက်ရောဂါသည် ၁ ဦး ရန်ကုန်မှာ စတင်တွေ့ရှိကြောင်း သတင်းများထွက်ပေါ်နေလို့ မျောက်ကျောက်ရောဂါ ကာကွယ်ရမယ့်နည်းလမ်းတွေကို လိုက်နာကြဖို့ … နှိုးဆော်အပ်ပါတယ်” ( မူရင်းရေးသားချက်အတိုင်း ) ဆိုပြီး ရေးသားဖြန့်ဝေခဲ့ရာ ဩဂုတ် ၂၇ ရက် မွန်းလွဲ ၅ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၃၇,၀၀၀ ကျော်၊ Reaction ပြုလုပ်သူ ၅၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှားရေးတင်ထားသောလင့်ခ် >>> https://archive.ph/sKXxL
အဆိုပါသတင်းအမှားကို “Ko Thet, Saw Ba Maung, နောင်ရိုးဟစ်တိုင်” တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/3nPuk
Saw Ba Maung – https://archive.ph/K279P
နောင်ရိုးဟစ်တိုင် – https://archive.ph/eQ6BX
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်း အမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသောအကြောင်းအရာနှင့် ပတ်သက်၍ အချက်အလက်မှန် မမှန် သိရှိရန် Google တွင် “ မျောက်ကျောက်ရောဂါ ရန်ကုန်လေဆိပ်” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ RFA တွင် သတင်းရေးသားထားသည်။
ဩဂုတ် ၂၃ ရက် RFA တွင် “ရန်ကုန်လေဆိပ် အပါအဝင် နိုင်ငံတကာလေဆိပ်နဲ့ နယ်စပ်ဂိတ်ပေါက်တွေက ဝင်ရောက်လာသူတွေအနေနဲ့ မျောက်ကျောက်ရောဂါနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖောင်တစ်ခုနဲ့ ဖြည့်ပေးရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။” ဟု ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/4Axni
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် စာမျက်နှာတွင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူ များကို ရန်ကုန်လေဆိပ် နှင့် မန္တလေးလေဆိပ် တို့တွင် မျောက်ကျောက်ရောဂါ ကာကွယ်ရေး ရောဂါ စောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်း လုပ်ဆောင်နေပုံများကို ဖော်ပြထားသည်။ ဩဂုတ် ၂၁ ရက်မှစ၍ ယနေ့ (ဩဂုတ် ၂၇) အထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူ ၉,၄၅၀ ကို စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ ယနေ့ ( ဩဂုတ် ၂၇ ) အထိ သံသယလူနာ မတွေ့ရှိသေးကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://shorturl.at/EarbS
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး လေဆိပ်နှင့်နယ်စပ်ဂိတ်ပေါက်များက ဝင် ရောက် လာသူများအနေဖြင့် မျောက်ကျောက်ရောဂါဆိုင်ရာ Health Declaration Form ကို ဖြည့်ပေးရ မည်ဟု ရေးသားထားသည်။ မျောက်ကျောက်ရောဂါသည် တွေ့ရှိဟူ၍ ရေးသားထားခြင်းမရှိပေ။ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ယနေ့ (ဩဂုတ် ၂၇) အထိ မျောက်ကျောက်လူနာ မတွေ့ရှိ သေးကြောင်း ထုတ်ပြန်ထားပါသည်။
အထက်ပါ သတင်းအချက်အလက်စစ်ဆေးမှုများသည် ဩဂုတ် ၂၇ ရက် ညနေ ၅နာရီအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်စစ်ဆေးမှုများ ဖြစ်ပါသည်။
ထို့ကြောင့် တယ်လီဂရမ်တွင်ပျံ့နှံ့နေသာ “ရန်ကုန်တွင် မျောက်ကျောက်ရောဂါသည်တစ်ဦး တွေ့ရှိ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် +66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။