By Ra Wai / MPA
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်က စီစဉ်နေသည်ဟုဆိုသော မည်သည့်ရွေးကောက်ပွဲကိုမျှ ထောက်ခံပံ့ပိုး ခြင်းလုံးဝမပြုလုပ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်သည်။
မြန်မာပြည်သူများသည် စစ်တပ်က ပြုလုပ်မည်ဟု ကြွေးကြော်လျက်ရှိသော မည်သည့် ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်မည်ဟု မယူဆသကဲ့သို့ ပြဿနာအတွက် အဖြေတစ်ခုအဖြစ်လည်း မရှုမြင်ကြောင်း ထို့အပြင် ပြည်သူများ၏ ခံစားနေရသည့်ဒုက္ခ ပိုမိုများပြား၍ ရှည်ကြာစေမည်သာဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။
“မကြာသေးဘူး။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ထောက်ခံကြောင်း ပြောကြားခဲ့တာတွေနဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ တရုတ်က စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် ကူညီပေး မယ်ဆိုတာမျိုး ထုတ်ပြန်ထားတာတွေကြောင့် သံအမတ်ကြီးက နိုင်ငံတကာကို အခုလို တိုက်တွန်း လိုက်တာဖြစ်မယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ စစ်တပ်၏ တရစပ်ဆိုးရွားသော လုပ်ရပ်များကြောင့် အလုံးစုံပျက်သုဉ်းနေပြီဖြစ်ကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဩဂုတ်၂၆ရက်က ကျင်းပသည့် အစည်းအဝေးတစ် ရပ်၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဩဂုတ်၁၄ရက်တွင် နေပြည်တော်သို့ ရောက်ရှိလာကာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊အာဏာရှင်ဟောင်း သန်းရွှေတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။