By Ko Paing / MPA
ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းဌာနချုပ်ကို “Rain Of Fire” စစ်ဆင်ရေး ဆင်နွှဲခဲ့ရာ ဗိုလ်မှူးကြီး တစ်ဦးနှင့်ဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၆ ရက်၊ ညနေ သုံးနာရီ ခွဲဝန်းကျင်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်ကို ၁၁၄ (မမ) ရှော့တိုက်ဒုံးနှင့်ကာမီကာဇေ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း KLOUD Drone Team မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“လေတပ်စခန်ဌာနချုပ်ကို ကာမီကာဇေဒရုန်း ၁၀ စင်းကျော်နဲ့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်တာပါ။ ဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ရှစ်ဦးသေတယ်။၂၁ ဦးဒဏ်ရာရတယ်။ အဆောက်အအုံ ထိခိုက်ပျက်စီးတာကတော့ စုံစမ်းလို့မရသေးဘူး။ အဓိကပြောချင်တာကတော့ မင်းအောင်လှိုင် ပြေးမလွတ်တော့ဘူးဆိုတာပဲ အသိပေးချင်ပါတယ်” ဟု ၎င်းက MPA သို့ ပြောသည်။
အဆိုပါစစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊ အမှတ်နှစ် စစ်ဒေသခွဲ၏ ကွပ်ကဲမှုဖြင့် အမှတ်နှစ်စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာနှစ် KNLA တပ်ရင်းငါး၊ တပ်မဟာနှစ် အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်နှစ် တပ်ရင်း ၃၅၀၂၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။