By Zwe Ko / MPA
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ပင်ကျေးရွာမှ သစ်ခုတ် သမားခြောက်ဦးသည် ပဲခူးရိုးမသို့ သစ်ခုတ်သွားရမှ မိသားစုနှင့် အဆက်အသွယ်ပြတ်နေကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင် ၃၀ရက်က ဘော်ပင်ကျေးရွာနေ ကိုဖိုးနီ၊ ကိုငြိမ်းချမ်းကိုကို၊ ကိုပိကေ၊ ကိုရဲလင်းကိုကို၊ ကိုထင်မောင်အေး၊ ကိုအောင်သူထက်နှင့် ဦးစန်းအောင်တို့သည် ကျွဲ ၂၄ကောင်ဖြင့် ပဲခူးရိုးမအတွင်း သစ်သွားခုတ်ခြင်းဖြစ်ကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
“ စထွက်တုန်းကတော့ ခုနှစ်ယောက်သွားတာ၊ ဟိုရောက်တော့ သူတို့အချင်းချင်းစားသောက်ရင်းကနေ စကားများပြီး အောင်သူ အသတ်ခံလိုက်ရတယ်တဲ့ ပြီးတော့ သူတို့ သစ်ဆွဲပြီးပြန်လာတယ်။ ဩဂုတ် ၁၉ရက်နေ့က နောက်ဆုံး ဖုန်းအဆက်အသွယ်ရခဲ့တာ၊ သူတို့ နောက်သုံးရက်လောက်နေရင်ပြန်ရောက်ပြီဆိုပြီး လှမ်းပြောတာ” ဟု မိသားစုဝင် အမျိုးသမီး တစ်ဦးက ပြောသည်။
အဆိုပါ သစ်ခုတ်သမားများနှင့် ၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၉ရက်တွင် အဆက်အသွယ်ရပြီးနောက် ထပ်မံ ဆက်သွယ်၍ မရသဖြင့် မိသားစုဝင်များက စုံစမ်းရာ သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၁က ဖမ်းဆီးထားသည်ဟု သိရှိရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ အခုထပ်ကြားတာ သုံးယောက်ကထွက်ပြေးလို့ ပစ်သတ်ခံလိုက်ရတယ်တဲ့၊ ဟုတ်မဟုတ် သေချာမသိရသေးဘူး။ နောက်မှာ ကျန်ခဲ့တဲ့ မိသားစုတွေ၊ ကလေးတွေက ထမင်းတောင် နပ်မှန်အောင် မစားရဘူး။ တကယ် အပြစ်ရှိလို့ ဖမ်းထားတယ်ဆိုလဲ ဥပဒေအတိုင်းအရေးယူပေးစေချင်ပါတယ်။ မသေသေးဘူးဆိုရင်လည်း မိသားစုကို ဆက်သွယ်ပေး စေချင်တယ်။ အမတို့က ဘယ်ဘက်မှ ပါတဲ့သူတွေမဟုတ်ပါဘူး။ သာမန်ပြည်သူတွေပါပဲ” ဟု မိသားစုဝင် အမျိုးသမီးက ဆက်ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၁မှ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကိုMPA က ဆက်သွယ်မေးမြန်းရာ ” ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် တော်လှန်ရေး လုပ်နေတာပါ၊ အကြောင်းမဲ့ လူသတ်ဖြတ်နေတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူးဆိုတာကိုတော့ MPA သတင်းဌာနဲ့ သတင်းမီဒီယာ အားလုံး သိစေချင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူများ၏ အသက်စည်းစိမ်းနှင့် အိုးအိမ်များ ကာကွယ်ပေးရန် တာဝန်ယူ ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် အဆင့်ဆင့်နာခံမှုမရှိဘဲ မိမိတို့ စိတ်ခံစားချက်အတိုင်း လွယ်လွယ်ကူကူ မဆုံးဖြတ် သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD မှ ပဲခူးတိုင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဂျာအေးက ပြောသည်။
“ လက်နက်မဲ့ ပြည်သူတွေကို ဟိုပြစ်မှုကျူးလွန်လို့ ဒီပြစ်မှုကျူးလွန်လို့၊ ဒလန်လို့ဆိုပြီး အမျိုးမျိုး ခေါင်းစဉ်တပ် မသေချာ မရေရာဘဲ စိစစ်မှု အားနည်းပြီး ကိုယ့်ဘာကိုယ် တရားစီရင် သတ်ဖြတ်နေတာတွေက တော်လှန်ရေးအတွက် အင်မတန် အန္တရာယ်ကြီးတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ဒီလိုလုပ်တဲ့သူတွေက တော်လှန်ရေးသမား မဟုတ်ဘူး။ တော်လှန်ရေးအတွက် အမှိုက်ဘဲဖြစ်တယ်။ နောက်ထပ် အာဏာရှင်တွေပဲ၊ ဒီလိုလူမျိုးတွေကိုလည်း ပြည်သူလူထုက လက်ခံမှာ မဟုတ်ဘူး” ဟု ကိုဂျာအေးက ဆိုသည်။
ဘော်ပင်ကျေးရွာသည် ပဲခူးရိုးမနှင့် နီးကပ်ပြီး အဆိုပါကျေးရွာမှ လူအများစုသည် ခေတ်အဆက်ဆက် သစ်ခုတ်၊ ဝါးခုတ်နှင့် ထင်းခုတ်သည့် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် နေရာလည်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်က သာယာဝတိခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ -၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) က အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမအတွင်း ကျွန်းနုပင်များ ခုတ်၍ သစ်ခိုးထုတ်နေသူများကို ထပ်မံခုတ်လှဲခြင်းမပြုရန် ထုတ်ပြန်ခဲ့သေးသည်။
ယင်းအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း သာယာ၀တီခရိုင်အတွင်းရှိ ပဲခူးရိုးမကို အမှီပြု၍ သစ်ခုတ်၊ ဝါးခုတ်နှင့် မီးသွေး အလုပ်လုပ်ကိုင်သူများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် ပတ်သက်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်သူ ခုနှစ်ဦးထက်မနည်း ဖမ်းဆီးခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ သာယာ၀တီခရိုင်အတွင်းရှိ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှု များပြားလာခဲ့သော်လည်း ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ အဆိုပါဒေသကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်ပြီးနောက် သစ်ခိုးထုတ်မှု လျော့နည်းလာခဲ့ခြင်းဖြစ်သည်။