By Bala / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန် ကာ နေအိမ်အတွင်းရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(ဩဂုတ်၂၅ရက်) မွန်းလွဲ တစ်နာရီခန့်က သီပေါမြို့၊အနောက်ခြမ်းရပ်ကွက် နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ အခုသေသွားတဲ့ အမျိုးသားက သီပေါမြို့အနောက်ရပ်ကွက်မှာနေတာ။နေ့လယ် တစ်နာရီလောက် က လက်နက်ကြီးကျတာပေါ့။သူ့မိန်းမကမထိသွားဘူး။ယောကျာ်းဖြစ်သူက ထိသွားတာ။ လူမှုကူညီရေးအသင်းတွေရောက်ပြီး ဆေးရုံပို့ဖို့လုပ်နေတုန်းမှာ သေသွားတာပါ” ဟု ၎င်းက MPAသို့ ပြောသည်။
သေဆုံးခဲ့သည့် အမျိုးသားသည် အသက် ၄၅နှစ်ဝန်းကျင်ရှိ ကိုဝင်းနိုင်ဆိုသူဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားသဖြင့် သီပေါမြို့၊ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ သီပေါမှာ စစ်ရေးအခြေအနေကတော့ အေးနေပါသေးတယ်။လက်နက်ကြီးပစ်ခတ်မှုကတော့ ကြိုကြားကြိုကြားရှိပါတယ်။ဒီနေ့လည်း ကျတယ်။မနေ့ကလည်း ကျတယ်ပေါ့။ပြီးခဲ့တဲ့ရက်တွေကလည်း ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ဩဂုတ်တစ်ရက်မှ ၂၄ ရက်အတွင်းစစ်ကောင်စီတပ်က သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁၇ဦး သေဆုံးခဲ့ပြီး ၅၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအောင်းတပ်မတော် TNLA က ဩဂုတ်၂၅ရက်တွင် ထုတ်ပြန်ထားသည်။