By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ကင်းလှည့်လာသည့် စစ်အုပ်စုဝင်များ တိုက်ခိုက်ခံရပြီး ကားတစ်စီးထားကာ ထွက်ပြေးသွားကြောင်း သိရသည်။
ဩဂုတ် ၂၄ရက်၊ နံနက် ၁၁နာရီဝန်းကျင်က မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်အဖွဲ့နှင့် စစ်သားများသည် မြင်းခြံမြို့တောင်ဘက်အထွက်ဂိတ်သို့ သံပြားကာကားနှစ်စီး၊ Four Wheel ကားခြောက်စီးတို့ဖြင့် ကင်းလှည့်ထွက်လာစဉ် PDF တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myingyan Black Tiger အဖွဲ့က သတင်းထုတ်ပြန်သည်။
“ မြင်းခြံနဲ့ တောင်သားကြားပေါ့။ ပထမလာတာ အင်အားကတော့ ၆၀လောက်ပါတယ်။ နောက်ထပ်လာတာတော့ အတိအကျမသိရဘူး။ ထိခိုက်သေဆုံးမှုကတော့ များစွာရှိနိုင်ပါတယ်။ ဘာလို့ဆို ကားတောင်ထားပြီး ထွက်ပြေးရတဲ့ အနေအထားဆိုတော့။ ဒါပေမဲ့၊ ကျတော်တို့ အနေနဲ့ သတင်းအတိအကျမရသေးပါဘူး” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA သို့ပြောသည်။
စစ်သားများ ထားသွားသော ကားကို လေကြောင်းအန္တရာယ်စိုးရိမ်ရသည့်အတွက် မယူခဲ့ရကြောင်း သိရသည်။
“ ကျတော်တို့ဘက်က သံပြားကားတစ်စီးကို ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်တဲ့အချိန်မှာ ကားကိုထားပြီးထွက်ပြေးတာပါ။ သံပြားကာကားကို တက်ယူတဲ့အချိန်မှာ လေကြောင်းလာလို့ မယူခဲ့တာပါ။ လေကြောင်းကတော့ ပစ်မသွားပါဘူး။ ကျနော်တို့သာ ရှေ့ဆက်တက်ပြီး ကားကို ယူမယ်ဆိုရင် ပစ်ကောင်းပစ်နိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေး ( MDSO)ကို ဆက်လက်အရှိန်မြှင့်တင်ရန် ရှိသဖြင့် မြင်းခြံ-နွားထိုး-တောင်သာလမ်းပိုင်းသို့ မလိုအပ်ဘဲ မသွားကြရန် Myingyan Black Tiger အဖွဲ့က မေတ္တာရပ်ခံထားသည်။
ယင်းတိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံခရိုင်အမှတ် ကိုးတပ်ရင်း)၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် တစ်၊ နှစ် နှင့် စွန်ရဲပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။