By MPA / Bala
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ ဘုရားကြီးကုန်းအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့(ဩဂုတ်၂၄ရက်)နံနက် ၁၀နာရီ မိနစ်၄၀ခန့်တွင် သီပေါမြို့၊ဘုရားကြီးကုန်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ခဲ့ပြီး ယင်းအိမ်နံဘေးရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဘုရားကြီးကုန်းနေ ဒေသခံတစ်ဦးက ပြောသည်။
“ လက်နက်ကြီးကျတာက ဒီနေ့သေသွားတဲ့ ဦးလေးကြီးရဲ့အိမ်နားပါ။လက်နက်ကြီးကျတဲ့အိမ်မှာ လည်း နေတဲ့လူရှိတယ်ပေါ့။သူကဘာမှမဖြစ်ဘူး၊ ကံကောင်းသွားတယ်။ ထိသွားတာက ဘေးအိမ်က အသက် ၄၀ကျော် ဦးလေးကြီးပေါ့။လမ်းမပေါ်တက်ပြေးပေမယ့် ဦးခေါင်းပွင့်ထွက်ပြီး သေသွားတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
လက်နက်ကြီးကျရောက်ရာ အနီးရှိ အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
“ အခုသေသွားတဲ့ ဦးလေးကြီးကို ပရဟိတအသင်းတွေလာသယ်ပြီး ရင်ခွဲရုံပို့လိုက်တယ်။ထိသွားတဲ့နှစ်ယောက်ထဲမှာ အဘွားက အသက်စိုးရိမ်ရတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် သီပေါမြို့ခံ စစ်ရှောင်အများစုသည် မြို့တွင်းသို့ပြန်လည်ဝင်ရောက်နေထိုင်ကြပြီး သီပေါမြို့ နေရာအများစု၌ ဖုန်းနှင့် အင်တာနက်လိုင်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။