By Nway / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရွာရဲစခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၂၄ရက်) နံနက် နှစ်နာရီခွဲခန့်တွင် ရေစကြိုမြို့နယ်၊ မအူရွာရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
“ ဒီမနက် နှစ်နာရီခွဲမှာ ဝင်တိုက်တာ။ အဲဒီရဲစခန်းမှာ အင်အား ၂၅ယောက်ရှိတယ်။ စခန်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်သားတွေလည်း စခန်းစွန့်ပြီး ထွက်ပြေးသွားကြတယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
ယင်းရဲစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၂ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာပျုရွာကို PDF တို့ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားကြရာ စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
မအူရဲစခန်းတိုက်ပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။