By Nway / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးနယ်အစပ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ကြောင်း သိရသည်။
ယနေ့ ( ဩဂုတ် ၂၄ရက် ) နံနက်ပိုင်းက ဒီပဲယင်းမြို့မှ ထွက်လာသော အင်အား ၉၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် ကံပြားရွာ၊ ပျော်ဘွယ်ရွာ နှင့် ရေဦးမြို့နယ် မစိုးရိမ်ရွာတို့ကို မီးတင်ရှို့ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ထံက သိရသည်။
“ ကံပြားရွာကို အရင်ရှို့တာ။ ကံပြားရွာက ဒီပဲယင်းမြို့နဲ့ ကပ်လျက်ပဲ။ အဲဒီရွာမှာ အင်အားချန်ပြီး ဆက်ထွက်လာတယ်။ ပျော်ဘွယ်၊ မစိုးရိမ်ကို ထပ်ရှို့တယ်။ ဒီရွာနှစ်ရွာက ဒီပဲယင်း၊ ရေဦးအစပ်က ရွာတွေ ” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းရွာများတွင် စစ်သားများရှိနေဆဲဖြစ်သောကြောင့် မီးလောင်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။
“ ဒီစစ်ကြောင်းက ဒီပဲယင်းမြို့ကို PDF သိမ်းပြီးနောက်ပိုင်း MI 17 နဲ့ လာချပေးသွားတဲ့ စစ်ကောင်စီတပ်သားတွေပါ။ ရောက်လာကတည်းက မီးပတ်ရှို့နေတာ။ ပြည်သူတွေက အရင်ထဲက ရှောင်ပြီးပြီဆိုတော့ အဖမ်းခံရတာတွေ မရှိဘူး “ ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင် ရေဦးမြို့ပေါ်မှ ကားနှစ်စီးဖြင့် စစ်သားများထွက်လာပြီး ရေဦးနယ်အနောက်ခြမ်းနှင့် ဒီပဲယင်းနယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။
ဩဂုတ် ၁၈ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်း၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကာ ရဟတ်ယာဉ်ဖြင့် စစ်ကူချလာသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ဒီပဲယင်းမြို့မှပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။